外资银行,皎漂和成立新经济部

11
更多精采内容请下载官方APP: 苹果(iPhone)、安卓(Android)安卓国内下载(APK)

နိုင်ငံခြားဘဏ်၊ ကျောက်ဖြူနှင့် စီးပွားရေး ဝန်ကြီးဌာနသစ်

ရုတ်တရက်ကြည့်လိုက်လျှင် အထက်ပါစကားလုံးသုံးလုံးသည် တစ်ခုနှင့်တစ်ခု သီးခြားသဘောဆောင်နေမည်ဖြစ်သော်လည်း တကယ်တမ်းတွင် မြန်မာ့စီးပွားရေးနှင့်ကြည့်လျှင်မူ တစ်တွဲတည်းဖြစ်နေသည်။ နားရှုပ်သွားမည်စိုးသည့်အတွက် အကျယ်ချဲ့ပြောပါမည်။ နိုင်ငံခြားဘဏ်များသည် ပြည်တွင်းစီးပွားရေးလုပ်ငန်းများနှင့် ပတ်သက်သော ဘဏ်လုပ်ငန်းများကို နိုင်ငံခြားဘဏ်များအား လုပ်ကိုင်ခွင့်ပေးလိုက်ခြင်း၊ မြန်မာတရုတ် စီးပွားရေးစင်္ကြ ံ၏ အဓိကစီမံကိန်းကြီးတစ်ရပ်ဖြစ်သော ကျောက်ဖြူရေနက်ဆိပ်ကမ်းတည်ဆောက်ရန် သဘောတူလက်မှတ် ရေးထိုးခြင်းနှင့် စီးပွားရေးဝန်ကြီးဌာနသစ်တည်ထောင်ခြင်းတို့ကို အတိုချုပ်ခေါင်းစဉ်တပ်လိုက်ခြင်းဖြစ်သည်။ တိုက်တိုက်ဆိုင်ဆိုင်ပင် အထက်ပါဖြစ်ရပ်များသည် လေးငါးရက်လောက်အတွင်း စုဆုံပေါ်ပေါက်လာသည်။ ဝန်ကြီးဌာနသစ်ကိစ္စကို လွှတ်တော်တွင် နိုဝင်ဘာ ၁၂ ရက်နေ့က ဆွေးနွေးသည်။ နိုင်ငံခြားဘဏ်ကိစ္စကို နိုဝင်ဘာ ၈ ရက်နေ့က ဗဟိုဘဏ်က ထုတ်ပြန်သည်။ ကျောက်ဖြူကိစ္စကို နိုဝင်ဘာ ၈ ရက်နေ့တွင် တရုတ်မြန်မာ ၂ ဖက် လက်မှတ်ရေးထိုးသည်။

နိုင်ငံခြားဘဏ်

ပထမဦးဆုံးအနေဖြင့် နိုင်ငံခြားဘဏ်ကိစ္စ ရေးလိုပါသည်။ ပြည်တွင်းစီးပွားရေးလုပ်ငန်းများအတွက် ဘဏ်လုပ်ငန်းတို့ကို နိုင်ငံခြားဘဏ်များအား လုပ်ခွင့်ပေးလိုက်ခြင်းသည် စီးပွားရေးမူဝါဒပိုင်းတွင် ကြီးမားသောပြောင်းလဲမှုဖြစ်သည်။ လွယ်လွယ်နှင့် ဖြစ်လာခြင်းမဟုတ်ပါ။ ကန့်ကွက်သူများ အခိုင်အမာရှိသည်။ ပျော့ကွက်သာကွက်လည်း ဒွန်တွဲနေသည်။ ယခုကဲ့သို့ ခွင့်ပြုလိုက်ခြင်းသည် လက်ရှိအစိုးရသွားလိုသည့် လမ်းကြောင်းကို ဖော်ပြနေသည်။ ပြည်တွင်းဘဏ်များကမူ စိုးရိမ်မည်သာ။ ပြည်တွင်း လုပ်ငန်းများကမူ ကြိုဆိုကြသည်။ ပြည်တွင်းလုပ်ငန်းများ၊ အထူးသဖြင့် အသေးစားနှင့် အလတ်စားလုပ်ငန်းများသည် လုပ်ငန်းချဲ့ထွင်ရန် အရင်းငွေလိုအပ်ချက်များပြားသော်လည်း ပြည်တွင်းဘဏ်များသည် ယင်းတို့၏ လိုအပ်ချက်ကို မဖြည့်ဆည်းနိုင်။ ပြည်တွင်းဘဏ်များစွာသည် အပေါင်ပစ္စည်းကြည့်ပြီး ငွေချေးခြင်းသာသန်ကြသဖြင့် အပေါင်ပစ္စည်းမရှိသော လုပ်ငန်းများချေးငွေမရကြ။ တစ်ဖက်တွင် ပြည်ပကုမ္ပဏီများ ဝင်လာ၊ ပြည်ပကုန်များ တိုးတက်ဝင်ရောက်လာသည့်အတွက် ပြည်တွင်းကုမ္ပဏီများသည် ပြည်ပထုတ်ကုန်များ၊ ပြည်ပလုပ်ငန်းများနှင့် ယှဉ်ပြိုင် ကြရသည်။ ပြည်ပကုမ္ပဏီများသည် အတိုးနှုန်းသက်သာသော ပြည်ပဘဏ်များမှ ငွေချေးယူလုပ်ငန်းချဲ့နိုင်သည်။ ပြည်တွင်းလုပ်ငန်းများသည် ယေဘုယျကြည့်လျှင် အတိုးနှုန်းမြင့်သည်ဆိုနိုင်သော ပြည်တွင်းဘဏ်များမှပင် ချေးငွေရရန်မလွယ်။ ထိုအခြေအနေတွင် ဗဟိုဘဏ်က ပြည်ပဘဏ်များကို ပြည်တွင်းလုပ်ငန်းများသို့ ချေးငွေအပါအဝင် ဘဏ်လုပ်ငန်းများ လုပ်ကိုင်ခွင့်ပေးလိုက်ခြင်းဖြစ်သည်။ ပြည်တွင်းလုပ်ငန်းများသို့ အရင်းအနှီးများ ဝင်ရောက်လာဖွယ်ရှိသည်။

ဗဟိုဘဏ် ကြေညာချက်တွင်လည်း ‘ပြည်တွင်း စီးပွားရေးလုပ်ငန်းများ ဘဏ္ဍာငွေ ရရှိနိုင်သည့်အခွင့်အရေး (Access to Finance) ပိုမို ရရှိစေရန်ရည်ရွယ်၍’ ဟု ပါရှိသည်။

ပြည်တွင်းလုပ်ငန်းများ ချေးငွေအလွယ်ရမည်မူ မဟုတ်။ သို့သော် လုပ်ငန်းသာကောင်းပါက အပေါင်ပစ္စည်းမရှိလျှင်လည်း ချေးငွေရနိုင်လာမည်။ ပြည်ပဘဏ်များသည် ငွေဝင်ငွေထွက်၊ လုပ်ငန်းခိုင်မာမှု၊ အနာဂတ်တွင် အောင်မြင်နိုင်ခြေတို့ကို တွက်ချက်နိုင်စွမ်းရှိသည့်အတွက် ထိုအချက်အလက်တို့ကို စနစ်တကျပြသနိုင်ပါက အပေါင်ပစ္စည်းမရှိလျှင်လည်း ချေးငွေရနိုင်သည်။

နိုင်ငံခြားဘဏ်များသည် အတွေ့အကြုံများပြီး အရင်းအနှီးများကြသည့်အတွက် သူတို့သာ အင်နှင့်အားနှင့်ဝင်လာလျှင် ပြည်တွင်းဘဏ်လုပ်ငန်းများသည် အပြိုင်အဆိုင်များလာမည်။ လူအဝင်အထွက်ရှိမည်။ အကောင်းဘက်ကကြည့်လျှင် ပြည်တွင်းဘဏ်များသည် အပြိုင်အဆိုင်ကြောင့် ယခင်ကထက် သွက်သွက်လက်လက်မာမာချာချာဖြစ်လာမည်။ မခိုင်သည့်ကျောင်းပြိုမည့်အခြေအနေလည်းရှိသည်။ ပြည်တွင်းဘဏ်များ အချင်းချင်းပေါင်း (Consolidation of Banks) ပြီး ဘဏ်အရေအတွက်နည်းသွားသော်လည်း ဘဏ်များ အရွယ်အစား ပိုကြီးလာနိုင်သည်။ ပြည်တွင်းဘဏ်များလုပ်ကိုင်နေသည့် သာမန်ပြည်သူများအတွက် ဘဏ်လုပ်ငန်း (တစ်ဦးချင်းဘဏ်စာရင်းစသည် ဖွင့်ခွင့်) ကို ပြည်ပဘဏ်များအား လုပ်ကိုင်ခွင့်မပေးသေးပါ။

ပြည်ပဘဏ်များသည်လည်း အခက်အခဲများ ကြုံရမည်သာ။ အခြားငွေကြေးများနှင့် သွင်းလာသည့် သူတို့၏ငွေများသည် Exchange Rate Risk ငွေကြေးလဲလှယ်နှုန်းအတက်အကျ အန္တရာယ်ကြုံနိုင်သည်။ လုပ်ငန်းများလုပ်ဆောင်ရန် လူခေါ်ရ၊ ပြင်ရဦးမည်။ Brand ကို လူသိများအောင် မြှင့်တင်ခြင်း စသည်တို့ကို လက်သွက်ခြေသွက်ဖြင့် ပြင်ဆင်ထားသော ပြည်ပဘဏ်အချို့မှာမူ တာထွက်ကောင်းနိုင်သည်။

လောလောဆယ် ခွင့်ပြုထားသောဘဏ်များတွင် အမေရိကနှင့် ဥရောပမှဘဏ်များမပါသေးသည်ကိုတွေ့ရသည်။ ထိုဏ်များဝင်လျှင် အမေရိကနှင့် ဥရောပတွင် နိုင်ငံရေးအရ မြန်မာကို ကိုယ်ချင်းစာသူ ပိုတောင့်လာနိုင်သည်။

အချုပ်အားဖြင့် မြန်မာလုပ်ငန်းများအတွက် ချေးငွေရစရာ၊ ဘဏ်လုပ်ငန်းအတွက် သွားစရာဘဏ်များ ရွေးစရာပိုများလာမည်။ ဘဏ်ကဏ္ဍ ပြုပြင်ပြောင်းလဲရေးသည် ဆက်တိုက်လာပါဦးမည်။

ကျောက်ဖြူ

မြန်မာတရုတ် စီးပွားရေးစင်္ကြ ံ ဖြစ်မြောက်ရေး၏ အဓိကစီမံကိန်းကြီးတစ်ရပ်ဖြစ်သော ကျောက်ဖြူရေနက်ဆိပ်ကမ်း သဘောတူညီချက်ရသွားခြင်းသည် မြန်မာ့စီးပွားရေးအတွက် ဧရာမခြေလှမ်းဖြစ်သည်။ ကျောက်ဖြူစီမံကိန်းကို သဘောတူလက်မှတ်ရေးထိုးလိုက်ခြင်း သည် မြန်မာ့စီးပွားရေးသာမက မြန်မာတစ်နိုင်ငံလုံးအရေးကို နောင်ဆယ်စုနှစ်များစွာအထိ ရိုက်ခတ်နေမည်။

တရုတ်အတွက် အိန္ဒိယသမုဒ္ဒရာထွက်ပေါက်ရသွားသဖြင့် ကမ္ဘာ့နိုင်ငံရေး စီးပွားရေးကိုပါ ရိုက်ခတ်မည်။ မြန်မာတရုတ် စီးပွားရေးစင်္ကြ ံသည် တရုတ်နိုင်ငံ၏ စီးပွားရေးတစ်ဆင့်တက်ရေး၊ နိုင်ငံရေးတစ်ဆင့်တက်ရေး စီမံကိန်းကြီးဖြစ်သော ကုန်းရေပိုးလမ်းမသစ်စီမံကိန်း၏ အစိတ်အပိုင်းဖြစ်သဖြင့် ယခုနှစ်ပိုင်းတွင် ဆန့်ကျင်ကန့်ကွက်မှုများခံနေရသော ပိုးလမ်းမသစ်၏ အောင်ပွဲလည်းဖြစ်သည်။

ရေနက်ဆိပ်ကမ်းစီမံကိန်း အကောင်အထည်ဖော်ခွင့်ကို ၂၀၁၅ ကတည်းက တရုတ် Citi Group က ရရှိခဲ့သော်လည်း မြန်မာဘက်က လေ့လာဆန်းစစ်လိုသဖြင့် လုပ်ငန်းမစခဲ့။ စီမံကိန်း၏ အရွယ်အစားကြီးမားသည့်အတွက် မြန်မာတို့ထည့်ဝင်ရမည့်ငွေလည်း များမည်။ မြန်မာတို့ထည့်ဝင်ငွေကိုလည်း တရုတ်ဘဏ်များမှ ချေးရမည်ဖြစ်သည့်အတွက် အကြွေးနွံနစ်မည် စိုးရိမ်ကြသည်။ တရုတ်နှင့် ဖက်စပ်စီမံကိန်းများတွင် ကြွေးမဆပ်နိုင်သည့်အတွက် ဒုက္ခရောက်ရသည့်ဇာတ်လမ်းများကို ကြားလာရသည့်အတွက်လည်း မြန်မာဘက်က ထိုသို့ စိုးရိမ်ခြင်းဖြစ်သည်။ ထို့ကြောင့် စီမံကိန်းအရွယ်အစားကို မြန်မာနိုင်ငံက လျှော့ချလိုခြင်းကို တရုတ်ဘက်က သဘောတူကာ စီမံကိန်းကို ပြန်ဆွဲကြသည်။ နဂို ဒေါ်လာ ၇ ဒသမ ၅ဘီလီယံမှသည် ၁ ဒသမ ၃ ဘီလီယံသို့ လျှော့ချသည်။ ပြင်ဆင်ရေးဆွဲပြီးသောစီမံကိန်းကို တရုတ်မြန်မာ သဘောတူကြသဖြင့် လက်မှတ်ရေးထိုးနိုင်ခဲ့သည်။ မြန်မာတို့ ပိုင်ဆိုင်မှုရှယ်ယာသည်လည်း နဂို ၁၅၊ ၈၅ အချိုးမှ ၃၀၊ ၇၀ ဖြစ်သွားသည်။

တရုတ်မြန်မာစီးပွားရေးစင်္ကြ ံသည် လမ်း၊ ဆိပ်ကမ်း စသည့် သယ်ယူပို့ဆောင်ရေး အခြေခံအဆောက်အဦ အားနည်းသော မြန်မာနိုင်ငံအတွက် ကွက်လပ်ကိုဖြည့်ပေးနိုင်လိမ့်မည်ဟု ခန့်မှန်းရသည်။ အထက်မြန်မာပြည် အချက်အချာမြို့ဖြစ်သော မန္တလေးကို ဖြတ်သွားမည့် ကျောက်ဖြူ ယူနန်ရထားလမ်း ကားလမ်းများသည် မြန်မာ့စီးပွားရေးကိုသာမက မြန်မာကိုပါ အသွင်ပြောင်းပေလိမ့်မည်။ တရုတ်မြန်မာစီးပွားရေး စင်္ကြ ံသည် ရန်ကုန်မြို့သစ်စီမံကိန်းအပါအဝင် ရန်ကုန်သို့ပါ စုန်ဆင်းလာမည်။

မြန်မာတို့သည် အမြင်ကျယ်ကျယ်ကြည့် ခြေလှမ်းကျဲကျဲ လှမ်းရတော့မည်ဖြစ်ကြောင်း ကျောက်ဖြူက တပ်လှန့်လိုက်ပြီ။

စီးပွားရေးဝန်ကြီးဌာနသစ်

မြန်မာနိုင်ငံသို့ ပြည်ပရင်းနှီးမြှုပ်နှံသူများ ရဲရဲလာရင်းနှီးရန် ဒေါ်အောင်ဆန်းစုကြည်က စင်ကာပူ အာဆီယံထိပ်သီးဆွေးနွေးပွဲအကြို၌ ဖိတ်ခေါ်နေချိန်တွင် မြန်မာတွင်၂၅ ခုမြောက် ဝန်ကြီးဌာနအဖြစ် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနအသစ် ဖွဲ့စည်းမည်ဟု ကြေညာလိုက်သည်။ ကန့်ကွက်သံရော ထောက်ခံသံပါ ညံသွားသည်။

ပြည်ပရင်းနှီးမြှုပ်နှံမှုကို တိုးရှာတော့မည့် ခြေလှမ်းနှင့် မူဝါဒဟု မြင်သည်။ ပြည်ပရင်းနှီးမြှုပ်နှံမှု မှန်းသလောက်မဝင်သည့်အတွက် အစိုးရသည် ထိုဘက်သို့ ပိုတွန်းရန်စီစဉ်ခြင်း ဖြစ်ပုံရသည်။

လေလောဆယ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို ကိုင်တွယ်နေသည့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင် Myanmar Investment  Commission MIC သည် ဝန်ကြီးဌာနမဟုတ်၊ ဝန်ကြီးဌာနမျိုးစုံမှ ခေါင်းဆောင်များ၊ ပြင်ပပုဂ္ဂိုလ်များ ပါဝင်ဖွဲ့စည်းထားသည့် ကော်မရှင် ဖြစ်သည်။ သူ့ကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ DICA ခေါ် ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနက နောက်ခံဌာနအဖြစ် အထောက်အပံ့ပေးထားသည်။ ထို့ကြောင့် ပြည်ပရင်းနှီးမြှုပ်နှံမှုကိုရှာရန် ဝန်ကြီးဌာနအဖြစ် ဖွဲ့စည်း၍ တိုက်ရိုက်ကျောထောက်နောက်ခံပေးပြီး အရှိန်မြှင့်ရန် ရည်ရွယ်ပုံရသည်။ DICA နှင့် အခြားဌာနတစ်ခုကိုပေါင်းပြီး ဝန်ကြီးဌာနအဖြစ်ဖွဲ့မည်ဟု ကြားရသည်။ ယခုဆောင်းပါးရေးချိန် နိုဝင်ဘာ ၁၃ရက် အင်္ဂါနေ့အထိ ဝန်ကြီး မည်သူမည်ဝါဖြစ်မည်ဟု မသိရသော်လည်း မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင် MIC လက်ရှိဥက္ကဋ္ဌ ဦးသောင်းထွန်းဟု သတင်းထွက်နေသည်။ သူသည် MIC ဥက္ကဋ္ဌဖြစ်သည်မှာ မကြာသေးရာ အကြောင်းထူးထူးခြားခြားမရှိလျှင် သူသာ ဝန်ကြီး ဖြစ်မည်။

ဦးသောင်းထွန်းသည် ဝန်ကြီးအဆင့်ဖြစ်သည့် အမျိုးသားလုံခြုံရေးအကြံပေးမှသည် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးအဖြစ် နှစ်ထပ်ကွမ်းဝန်ကြီး ဖြစ်လာသည်။ မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ဥက္ကဋ္ဌမှ ယခုဝန်ကြီးဌာနသစ်၏ ဝန်ကြီးဖြစ်လာပါက သုံးထပ်ကွမ်းဝန်ကြီး ဖြစ်လာမည်။

ဒေါအောင်ဆန်းစုကြည်သည် သမ္မတရုံးဝန်ကြီးအဖြစ်လည်းကောင်း၊ နိုင်ငံခြားရေးဝန်ကြီးအဖြစ်လည်းကောင်း၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ်လည်းကောင်း ဆောင်ရွက်နေရာ ဦးသောင်းထွန်းသာ ဝန်ကြီးဌာနသစ်၏ ဝန်ကြီးဖြစ်လျှင် ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ အစိုးရအဖွဲ့ဝင် တာဝန်အများဆုံးယူထားသည့် အစိုးရအဖွဲ့ဝင် ဖြစ်လာမည်။

MIC အတွင်းရေးမှူး၊ DICA ညွှန်ချုပ် ဦးအောင်နိုင်ဦးကို ထင်ကြေးပေးသူများလည်းရှိသည်။ DICA သည် ပြုပြင်ပြောင်းလဲရေးများ အများဆုံးလုပ်နိုင်သော ဌာနတစ်ခုဖြစ်သည်။ ဦးအောင်နိုင်ဦးသည် ပြည်ပရင်းနှီးမြှုပ်နှံမှုနှင့်ပတ်သက်လျှင် ပြည်တွင်းပညာရှင်များ စီးပွားရေးလုပ်ငန်းရှင်များကရော ပြည်ပကပါ သဘောကျခံရသူဖြစ်သည်။ ပြည်ပရင်းနှီးမြှုပ်နှံမှု ကျွမ်းကျင်ပြီးသား ဦးအောင်နိုင်ဦး ဝန်ကြီးဖြစ်လာလျှင်လည်း မြန်မာ့ရင်းနှီးမြှုပ်နှံမှုအတွက် တအားဖြစ်နိုင်သည်။

ခြေလှမ်းကြီး ၃လှမ်း

စနစ်တကျသာလှမ်းနိုင်လျှင် မြန်မာ့စီးပွားရေးသွင်ပြင်ကို ပြောင်းလဲသွားစေနိုင်မည့် အထက်ပါ ခြေလှမ်းကြီးသုံးလှမ်းသည် တစ်လှမ်း နှင့် တစ်လှမ်းလည်း ဆက်စပ်နေသည်။

ဇေယျသူ