实施人民投资项目银行

101
更多精采内容请下载官方APP: 苹果(iPhone)、安卓(Android)安卓国内下载(APK)

ပြည်သူ့ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စီမံကိန်းဘဏ် အကောင်အထည်ဖော်မည်

 ပြည်သူ့ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စီမံကိန်းဘဏ် (Project Bank) ကိုအကောင်အထည်ဖော်၍ ဖွံ့ဖြိုးရေးမဟာဗျူဟာကို ထိရောက်စွာ ဆောင်ရွက်သွားမည်ဟု စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းက ဒီဇင်ဘာ ၁ ရက်တွင် ကျင်းပသည့် မြန်မာ့ကုန်သွယ်စီးပွားပွဲတော်တွင် ပြောသည်။

ပြည်သူ့ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စီမံကိန်းဘဏ် (Project Bank) သည် နိုင်ငံတော်အဆင့် အများပြည်သူ အကျိုးရှိမည့် ဦးစားပေးအခြေခံအဆောက်အအုံစီမံကိန်းများကို စိစစ်ရွေးချယ်ထားရှိမည့် အစီအစဉ်ဖြစ်သည်။

မြန်မာနိုင်ငံအစိုးရသည် ၂ဝ၁၈၊ သြဂုတ်တွင် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (MSDP) ကို ထုတ်ပြန်ခဲ့သည်။

အဆိုပါ စီမံကိန်းတွင် စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုနှင့် စီးပွားရေးလုပ်ငန်းအမျိုးမျိုးကို ပံ့ပိုးပေးမည့် ဦးစားပေး အခြေခံအဆောက်အအုံများ တည်ဆောက်ရေးဟူသော ဗျူဟာတစ်ရပ်ပါဝင်ပြီး MSDP အောက်ရှိ ပြည်သူ့ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စီမံကိန်းဘဏ် (Project Bank) တွင် ပြည်သူများ အသုံးပြုနိုင်ရေးအတွက် အခြေခံအဆောက်အအုံဆိုင်ရာ စီမံကိန်းများ ပါဝင်မည်ဖြစ်သည်။

”လက်ရှိမြန်မာနိုင်ငံမှာ အခြေခံအဆောက်အအုံဆိုင်ရာ ကွာဟချက်ရှိနေပြီး အဆိုပါ ကွာဟချက်တွေကို လုံလောက်အောင် ဖြည့်ဆည်းနိုင်ရင် နိုင်ငံဖွံ့ဖြိုးမှု မျှော်မှန်းချက်တွေကို ဖြည့်ဆည်းနိုင်မှာ ဖြစ်ပါတယ်။ MSDP အောက်မှာရှိတဲ့ Project Bank မှာ ပြည်သူတွေအသုံးဝင်နိုင်ရေးအတွက် အခြေခံ အဆောက်အအုံဆိုင်ရာ ဦးစားပေးစီမံကိန်းတွေကို ရေးဆွဲသွားမှာဖြစ်ပါတယ်”ဟု ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းက ပြောသည်။

နိုင်ငံအနေဖြင့် သိသာထင်ရှားသည့် အခြေခံအဆောက်အအုံများ၊ ကျေးလက်ဒေသများရှိ အခြေခံအဆောက်အအုံများနှင့် ကျေးလက်နှင့် မြို့ပြဒေသ ချိတ်ဆက်နိုင်မည့် အခြေခံအဆောက်အအုံများ လိုအပ်ပြီး အစိုးရအနေဖြင့် ဘဏ္ဍာရေး အကန့်အသတ် ရှိခြင်းကြောင့် အခြေခံအဆောက်အအုံကဏ္ဍတွင် ငွေကြေးအရင်းအမြစ်များကို ခွဲခြားလုပ်ဆောင်ရန် လိုအပ်ကြောင်း၊ ပုဂ္ဂလိကကဏ္ဍ၏ ငွေကြေးနှင့် ပူးပေါင်းပါဝင်မှုမြှင့်တင်ခြင်းအပါအဝင် ရရှိနိုင်သည့် ဘဏ္ဍာငွေအရင်းအမြစ်အားလုံးကို အခြေခံ၍ မျှော်မှန်းထားသည့် အခြေခံအဆောက်အအုံဖွံ့ဖြိုးမှုကို အစိုးရက အလေးထားဆောင်ရွက်မည်ဟု MSDP တွင် ဖော်ပြထားသည်။

”နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ပိုမိုဆွဲ ဆောင်နိုင်ဖို့အတွက် Single Window (ရင်းနှီးမြှုပ်နှံမည့် စီးပွားရေးလုပ်ငန်းများ လွယ်ကူလျင်မြန်စွာ လုပ်ကိုင်နိုင်ရန် ဆောင်ရွက်ပေး မည့်အစီအစဉ်) ဆောင်ရွက်မှုတွေအပြင် Project Bank ဆိုတာမျိုးနဲ့ ဆွဲဆောင်နိုင်ဖို့ လိုအပ်ပါတယ်”ဟု မြန်မာနိုင်ငံ ကုန်သည်/စက်မှုအသင်းချုပ်ဥက္ကဌ ဦးဇော်မင်းဝင်းက ပြောသည်