မြစ်ဆုံစီမံကိန်းကို ထာဝရရပ်ဆိုင်းရန် ကချင်နိုင်ငံရေးပါတီများပူးပေါင်းရေး ဦးဆောင်ကော်မတီ ထုတ်ပြန်

更多精采内容请下载官方APP: 苹果(iPhone)、安卓(Android)安卓国内下载(APK)

မြစ်ဆုံစီမံကိန်းကို ထာဝရရပ်ဆိုင်းရန် ကချင်နိုင်ငံရေးပါတီများပူးပေါင်းရေး ဦးဆောင်ကော်မတီ ထုတ်ပြန်

မြစ်ဆုံစီမံကိန်းကို ထာဝရရပ်ဆိုင်းရန် ကချင်နိုင်ငံရေး ပါတီများပူးပေါင်းရေး ဦးဆောင်ကော်မတီက ဇန်န၀ါရီ ၁၄ ရက်တွင် သဘောထားထုတ်ပြန်ကြေညာလိုက်သည်။

မြစ်ဆုံစီမံကိန်းနှင့်ပတ်သက်ပြီး ကချင်ပြည်နယ် ဒေသခံပြည်သူများအနေဖြင့် ဆန့်ကျင်ကန့်ကွက်မှု မရှိဟု ကချင်ပြည်နယ် နိုင်ငံရေးပါတီများ၊ လူမှုရေးအဖွဲ့အစည်း ခေါင်းဆောင်များက မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး နှင့်တွေ့ဆုံစဉ် ပြောကြားခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံရုံးက ဇန်န၀ါရီ ၁၃ ရက်တွင် သတင်းထုတ်ပြန်ပြီးနောက် ကန့်ကွက်ကြောင်း ထုတ်ပြန်ချက်များ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

သဘောထား ထုတ်ပြန်ရခြင်းနှင့်ပတ်သက်၍ ကချင် နိုင်ငံရေးပါတီများပူးပေါင်းရေး ဦးဆောင်ကော်မတီ ဒုဥက္ကဋ္ဌ (၂)ဦးကွမ်ဂေါင်အောင်ခမ်းက”ဒီထုတ်ပြန်ချက်ဟာ ကျွန်တော်တို့တရုတ်သံအမတ်နဲ့ တွေ့တဲ့အချိန်မှာ သူတို့ဘက်က လိုလားချက်တွေ တင်ပြတော့ ကျွန်တော်တို့ဘက်ကလည်းလိုလားချက်တွေကို တင်ပြဆွေးနွေးခဲ့ပါတယ်။ ကျွန်တော်တို့အနေနဲ့ မြစ်ဆုံစီမံကိန်းကို တည် ဆောက်ဖို့ သဘောတူတယ်ဆိုတဲ့ အချက်ကတော့ ကျွန်တော် တို့လုံးဝလက်မခံနိုင်ပါဘူး။ ဒေသခံတွေရဲ့ဆန္ဒကလည်း အကုန်လုံး ဒီအတိုင်းပါပဲ”ဟု ပြောဆိုသည်။

ကချင်နိုင်ငံရေးပါတီများပူးပေါင်းရေးဦးဆောင်ကော်မတီ ၏ သဘောထားထုတ်ပြန်ချက်တွင် အချက်သုံးချက်ပါဝင်ပြီး မြစ်ဆုံစီမံကိန်းနှင့်ပတ်သက်၍ထာဝရရပ်ဆိုင်းထားရှိရန် မူဝါဒသဘောထားရှိကြောင်း၊ ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ်နှင့်ပတ်သက်၍ တရုတ်နိုင်ငံနှင့် ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာမိသားစုများနှင့်အတူတကွ လက်တွဲဆောက်ရွက်သွားမည်ဖြစ်ကြောင်း၊ ကချင်ပြည်နယ်အတွင်းလုပ်ဆောင်မည့် စက်မှုဇုန် စီမံကိန်းများနှင့်ပတ်သက်၍ စစ်မှန်သောပြည်တွင်းငြိမ်းချမ်းရေးရရှိမှသာလျှင် စီမံဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပါရှိသည်။

”အခုလက်ရှိအချိန်မှာ တရုတ်အစိုးရက ငြိမ်းချမ်းရေးကို ပုံဖော်နေတယ်။ကျွန်တော်တို့ ဖြစ်စေချင်တာကတော့ကုလသမဂ္ဂအပါအ၀င် တခြားနိုင်ငံတွေဖြစ်တဲ့ အမေရိကန်တို့၊ ဂျပန်တို့၊ အိမ်နီးနားချင်းဖြစ်တဲ့ အာဆီယံနိုင်ငံတွေ အကုန်လုံး အပါအ၀င် ထဲထဲဝင်ဝင် လုပ်ပြီးမှ ပိုမိုခိုင်ခံ့တဲ့ငြိမ်းချမ်းရေးကို ဖြစ်စေချင်တယ်။ဒါကြောင့် ဒါကိုထုတ်ဖော်ခြင်း ဖြစ်ပါတယ်။ နောက်တစ်ချက်အနေနဲ့ကတော့စက်မှုဇုန်တွေ လုပ်ဆောင်မယ်ဆို စစ်မှန်တဲ့ ငြိမ်းချမ်းရေးနဲ့ ဖက်ဒရယ်စနစ်ကိုအကောင်အထည်ဖော်ဖို့လိုပါတယ်။ စက်မှုဇုန်တွေ တည်ဆောက်ဖို့ ဆုံးဖြတ်တဲ့နေရာမှာ ဒေသခံတွေလည်း ပါဝင်ခွင့်ရှိပါတယ်။ အခုအခြေအနေမှာ အစိုးရကသူတို့သဘောတူတယ်ဆို လုပ်လို့ရပြီဆိုတဲ့အပိုင်းတွေကို ကျွန်တော်တို့ပြည်သူလူထုတွေက ပါဝင်ခွင့်မရရင် ကျွန်တော်တို့ပါတီအနေနဲ့ လက်မခံနိုင်ပါဘူး။ဒါကြောင့်မို့လို့ ဒါကိုထုတ်ဖော်ခြင်းဖြစ်ပါတယ်”ဟု ကချင်နိုင်ငံရေးပါတီများပူးပေါင်းရေးဦးဆောင်ကော်မတီ ဒုဥက္ကဋ္ဌ(၂) ဦးကွမ်ဂေါင်အောင်ခမ်းက ပြောဆိုသည်။

မြစ်ဆုံစီမံကိန်းပြဿနာကို မဖြေရှင်းဘဲ အချိန်ကြာမြင့်စွာဆွဲထားမည်ဆိုပါကတရုတ်ကုမ္ပဏီများ မြန်မာနိုင်ငံသို့လာရောက်ရင်းနှီးမြှုပ်နှံရန် ယုံကြည်စိတ်ကို ဆိုးရွားစွာထိခိုက်နိုင်သည်ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်က ပြောကြားထားကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး၏ သဘောထားထုတ်ပြန်ချက်တွင် ပါရှိသည်။

ကချင်နိုင်ငံရေး ပါတီများပူးပေါင်းရေးဦးဆောင်ကော်မတီကို ကချင်နိုင်ငံရေးပါတီသုံးခုဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း သိရသည်။