股票市场依旧冷清

更多精采内容请下载官方APP: 苹果(iPhone)、安卓(Android)安卓国内下载(APK)

အေးစက်နေဆဲ စတော့စျေးကွက်

ရန်ကုန်စတော့အိတ်ချိန်း စတင်ခဲ့သည်မှာ သုံးနှစ်တာကာလသို့ ရောက်ရှိလာချိန်တွင် စျေးကွက်အတွင်း၌ နေ့စဉ်ရှယ်ယာအရောင်းအဝယ် အရေအတွက်ကျဆင်းလာခြင်းနှင့် စာရင်းဝင်ကုမ္ပဏီသစ်များ ထပ်မံတိုးတက်မလာသည့် အခြေအနေများနှင့် ရင်ဆိုင်ရလျက်ရှိသည်။

အခြားတစ်ဖက်တွင် စတော့အိတ်ချိန်းစာရင်းဝင် ကုမ္ပဏီဖြစ်လာရေးကြိုးပမ်းနေသည့် အများပိုင်ကုမ္ပဏီများကလည်း စျေးကွက်ကို စောင့်ကြည့်ဆဲအနေအထားဖြင့်သာ ရှိနေကြသည်။

နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးအရှိန်အဟုန်ဖြင့် တိုးတက်လာရန်မှာ စတော့စျေးကွက်နှင့် အရင်းအနှီးစျေးကွက် ကြီးမားကျယ်ပြန့်ရန် အဓိကလိုအပ်ချက်ဖြစ်သည်ဟု စီးပွားရေးပညာရှင်များက ပြောကြသည်။ သို့မှသာ ကုမ္ပဏီများ၏ လုပ်ငန်းကြီးထွားလာစေကာ ကုန်ထုတ်လုပ်မှုနှင့် ပို့ကုန်တိုးမြှင့်ရေးကို အဓိက အထောက်အကူပေးနိုင်သည်ဟု ၄င်းတို့က ပြောသည်။

မြန်မာ့စတော့စျေးကွက်သည် ၂ဝ၁၆ ခုနှစ်က စာရင်းဝင်ကုမ္ပဏီသုံးခုသာရှိခဲ့သည်။ ၂ဝ၁၆ ခုနှစ်တွင် ကုမ္ပဏီသုံးခုသည် စဉ်ဆက်မပြတ် ရှယ်ယာအရောင်းအဝယ်ဖြစ်ပေါ်မှု (Continuous Trading) ရှယ်ယာအစုအရေအတွက် ၂ ဒသမ ၅၅ သန်းကျော်၏ ကုန်သွယ်မှုတန်ဖိုး ကျပ် ၇ဝ ဒသမ ၇၄ ဘီလျံကျော်ရှိခဲ့ပြီး အမြောက်အမြား ရှယ်ယာအရောင်းအဝယ်ဖြစ်ပေါ်မှု (Block Trading)  ရှယ်ယာအစုအရေအတွက် ခုနှစ်သောင်း၏ ကုန်သွယ်မှုတန်ဖိုး ကျပ် ၂ ဒသမ ၂၅ ဘီလျံရှိခဲ့သည်။

၂ဝ၁၇ ခုနှစ်တွင်မူ စာရင်းကုမ္ပဏီလေးခုအထိရှိလာပြီး စဉ်ဆက်မပြတ် ရှယ်ယာအရောင်းအဝယ် ဖြစ်ပေါ်မှုအရေအတွက် ၂  ဒသမ  ၇၁  သန်းကျော်၏ ကုန်သွယ်မှုတန်ဖိုး ကျပ် ၂၂ ဒသမ ၁၃ ဘီလျံ ကျဆင်းလာခဲ့သည်။ သို့သော် ပမာဏအမြောက်အမြားဝယ်ယူသည့် အရေအတွက် ၁ ဒသမ ၆ သန်းကျော်၏ ကုန်သွယ်မှုတန်ဖိုး ၇ ဒသမ ၂၂ ကျပ်ဘီလျံအထိ ရှိလာခဲ့သည်။

၄င်းအခြေအနေသည် စတော့စျေးကွက်အတွင်း သာမန်အနည်းစု ရှယ်ယာအရောင်းအဝယ် ဖြစ်ပေါ်မှုထက် အမြောက်အမြားဝယ်ယူကာ အရောင်းအဝယ်ဖြစ်ပေါ်သည့်အရေအတွက်က ပိုများလာသည်။

ပြီးခဲ့သည့် ၂ဝ၁၈ ခုနှစ်တွင်မူ စာရင်းဝင်ကုမ္ပဏီငါးခုအထိ တိုးတက်လာခဲ့သည်။ သို့သော် ကုမ္ပဏီငါးခု၏ အရောင်းအဝယ်ဖြစ်ပေါ်မှုသည် စဉ်ဆက်မပြတ် ရှယ်ယာအရောင်းအဝယ်ဖြစ်ပေါ်မှု အရေအတွက် ၂ ဒသမ ၃၆ သန်းနှင့် ကုန်သွယ်မှုတန်ဖိုး ၁၁ ဒသမ ၅ဝ ကျပ်ဘီလျံသာ ကျဆင်းခြင်းဖြစ်ပေါ်ခဲ့သည်။ ထို့အတူ ပမာဏ အမြောက်အမြားဝယ်ယူသည့် အရေအတွက်တွင်လည်း ရှယ်ယာအရေအတွက် ခြောက်သိန်းရှစ်သောင်းကျော်၏ကုန်သွယ်မှုတန်ဖိုး ၂ ဒသမ ၅၁ ကျပ်ဘီလျံသို့ ကျဆင်းလာခဲ့သည်။

”လောလောဆယ်မှာ စတော့စျေးကွက်က ကြားထဲမှာလှုပ်ရှားမှု ဘာမှမရှိတော့ လူတွေက ယုံကြည်မှုနည်းသွားကြတယ်။ စလုပ်တဲ့အချိန်မှာလည်း တချို့ရင်းနှီးမြှုပ်နှံတဲ့သူတွေက ရှုံးသွားတာမျိုးတွေရှိတော့ ယုံကြည်မှုက ကျသွားတယ်။ စတော့စျေးကွက်အပေါ် စိတ်ဝင်စားမှုနည်းနေတာကို ပြန်ပြီးလှုံ့ဆော်ရမယ်။ ဒါကို အစိုးရပိုင်းကရော ရန်ကုန်စတော့အိတ်ချိန်းပိုင်းကရော လုပ်ဖို့လိုနေတယ်” ဟု အရင်းအနှီးစျေးကွက် ကျွမ်းကျင်ပညာရှင် ဒေါက်တာအောင်သူရက ပြောသည်။

စျေးကွက်အတွင်း ရှယ်ယာအရောင်းအဝယ်ဖြစ်ပေါ်မှု ကျဆင်းလာခြင်းနှင့်စာရင်းဝင်ကုမ္ပဏီများ၏ အစုရှယ်ယာတန်ဖိုးများ ကျဆင်းလာသည့်အခြေအနေများက ကောင်းမွန်သည့် အလားအလာတစ်ရပ်မဟုတ်ကြောင်း ရန်ကုန်စတော့အိတ်ချိန်းတည်ထောင်ခဲ့သူ ဒုတိယဝန်ကြီးဟောင်း ဒေါက်တာမောင်မောင်သိမ်းက ပြောသည်။

”စျေးကွက်က တော်တော်အေးနေတယ်။ အရောင်းအဝယ်နည်းတဲ့အပြင် လှုပ်ရှားမှုကလည်း မရှိဘူးဖြစ်နေတယ်။ စျေးတွေကလည်း ကျသွားတယ်။ ဒါက ကောင်းတဲ့သဘောမဟုတ်ဘူး၊ ဒီအခြေအနေအတိုင်းဆိုရင် ဒီနှစ်မှာလည်း စတော့စျေးကွက်က ဒီလိုပဲ ဆက်အေးနေမယ့်သဘောရှိတယ်။ လုပ်နိုင်တာကတော့ လှုပ်ရှားမှုတွေ နည်းနည်းပြန်လုပ်ပေးဖို့ လိုနေတယ်”ဟု ဒေါက်တာ မောင်မောင်သိမ်းက ပြောသည်။

အဆိုပါစျေးကွက်အနေအထားကြောင့် စာရင်းဝင်ကုမ္ပဏီဖြစ်လာရေး ကြိုးပမ်းလျက်ရှိသည့် ကုမ္ပဏီများသည်ပင် စျေးကွက်ကို စောင့်ကြည့်နေသည့် အနေအထားသို့ ရောက်ရှိလာသည်။ စာရင်းဝင်ကုမ္ပဏီ ဖြစ်လာရန် နာမည်စာရင်းထွက်ထားသည့် မြန်မာနိုင်ငံ လယ်ယာစီးပွား အများပိုင်ကော်ပိုရေးရှင်းလီမိတက် MAPCO သည် စတော့စျေးကွက်အတွင်း ဝင်ရောက်ရေးကို ၂ဝ၂ဝ  ပြည့်နှစ်နောက်ပိုင်းမှသာ ဆောင်ရွက်တော့မည်ဟု ကုမ္ပဏီအုပ်ချုပ်မှုဒါရိုက်တာ ဦးရဲမင်းအောင်က ပြောသည်။

”တစ်ဖက်မှာက ကျွန်တော်တို့ရဲ့ကုမ္ပဏီကိုလည်း ပြုပြင်ပြောင်းလဲရေးကိစ္စနဲ့ ပြန်လည်ဖွဲ့စည်းမှု လုပ်စရာလေးတွေရှိနေတယ်။ တစ်ဖက်မှာက နိုင်ငံရဲ့အရင်းအနှီး စျေးကွက်ဖွံ့ဖြိုးမယ့်တစ်ခုကိုလည်း စောင့်ရမယ့် အနေအထားမှာရှိတယ်။ ၂ဝ၁၉၊ ၂ဝ၂ဝ က ရွေးကောက်ပွဲကာလဖြစ်တဲ့အတွက် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံတဲ့သူတွေက ရင်းနှီးမြှုပ်နှံမှုနဲ့ သက်ဆိုင်တဲ့ဆုံးဖြတ်ချက်တွေကို သိပ်ချလေ့မရှိဘူး။ ဒါကို တစ်ချက်ပြန်စောင့်ကြည့်ရလိမ့်မယ်။ ဒါပေမဲ့ အိတ်ချိန်းစာရင်းဝင်ကုမ္ပဏီ ဖြစ်လာဖို့အတွက်တော့ ဆက်လုပ်နေမှာပါ”ဟု ဦးရဲမင်းအောင်က ပြောသည်။

ထို့အတူ လမ်း၊ တံတား တည်ဆောက်ရေးလုပ်ငန်းများတွင် ကန်ထရိုက်တာအဖြစ် လုပ်ကိုင်ခြင်းကို အဓိကပင်မစီးပွားရေးအဖြစ် ဆောင်ရွက်နေသည့် ဂရိတ်ဟော်ခမ်းကုမ္ပဏီသည် ၂ဝ၁၈ ခုနှစ် စက်တင်ဘာလတွင် ရန်ကုန် စတော့အိတ်ချိန်း စာရင်းဝင်ဖြစ်လာရေး ကြိုးပမ်းနေသည့် ကုမ္ပဏီတစ်ခုဖြစ်သည်။ ၄င်းကုမ္ပဏီသည် အနာဂတ်စီးပွားရေးရပ်တည်မှုအတွက် လျှပ်စစ်ထုတ်လုပ်ရောင်းချမှုအပိုင်းတွင် ရင်းနှီးမြှုပ်နှံရန် အစိုးရပိုင်းနှင့် ညှိနှိုင်းလျက်ရှိသည်။

သို့သော် လက်ရှိအချိန်တွင် စျေးကွက်စောင့်ကြည့်အသွင်နှင့် လျှပ်စစ်ထုတ်လုပ်ရေးဆိုင်ရာ ကိစ္စရပ်များကြောင့် စာရင်းဝင်ကုမ္ပဏီဖြစ်လာရေး ကြိုးပမ်းနေဆဲ အနေအထားတွင်သာ ရှိနေဆဲဖြစ်နေသည်။

”ကျွန်တော်တို့အနေနဲ့ စာရင်းဝင်ကုမ္ပဏီဖြစ်လာရေးအတွက် ဆက်ပြီးလုပ်ဆောင်နေပါတယ်။ ဒါပေမဲ့ စောင့်ကြည့်စရာ၊ လုပ်စရာလေးတွေလည်း ရှိနေပါသေးတယ်”ဟု ဂရိတ်ဟော်ခမ်းကုမ္ပဏီ၏ ဒါရိုက်တာအဖွဲ့ဥက္ကဌ ဦးစိုင်းအုန်းမြင့်က ပြောသည်။

ရန်ကုန်စတော့အိတ်ချိန်းသည် စတော့စျေးကွက်အတွင်း နိုင်ငံခြားသားများ ရှယ်ယာဝယ်ယူခွင့်ရရှိရေးအတွက် ပြင်ဆင်မှုများဆောင်ရွက်လျက်ရှိသည်။ ထိုကဲ့သို့ ဖြစ်လာပါက စတော့စျေးကွက်အတွင်း စာရင်းဝင်ကုမ္ပဏီများ ဝင်ရောက်ရေးမှာ ပိုမိုတိုးတက်လာနိုင်သည်ဟု ဦးရဲမင်းအောင်က ဆက်လက်သုံးသပ်သည်။