将在halgue镇建立韩缅合作工业区

更多精采内容请下载官方APP: 苹果(iPhone)、安卓(Android)安卓国内下载(APK)
လှည်းကူးတွင် ကိုရီးယား-မြန်မာ ပူးပေါင်းစက်မှုဇုန် ထောင်မည်
အလုပ်အကိုင်အခွင့်အလမ်း ငါးသောင်းမှတစ်သိန်းအထိ ဖန်တီးပေးနိုင်မည့် စက်မှုဇုန် (Korea Myanmar Industrial Complex – KMIC) ကို တောင်ကိုရီးယား-မြန်မာ နှစ်နိုင်ငံ အကျိုးတူတည်ထောင်မည်ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်အတွင်းရှိ အကျယ်အဝန်း ၅၅၅ ဒသမ ၈၁ ဧကရှိ ညောင်နှစ်ပင်သင်တန်းကျောင်း မြေနေရာတွင် တည်ထောင်မည်ဖြစ်ပြီး သြဂုတ် ၇ ရက်က ဆောက်လုပ်ရေးဝန်ကြီးရုံးတွင် နှစ်ဖက်တရားဝင် လက်မှတ်ရေးထိုးခဲ့ကြသည်။

စီမံကိန်းအကောင်အထည်ဖော်ရန် မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန၊ ကိုရီးယားအစိုးရဌာနဖြစ်သည့် KOREA LAND & HOUSING Corporation နှင့် Global SaeA Co.,Ltd တို့ပူးပေါင်းကာ ဖက်စပ်ကုမ္ပဏီကိုလည်း တည်ထောင်ထားပြီး ဖြစ်သည်။

”ကျွန်တော်တို့ရဲ့ စက်မှုဇုန်ကြီးမှာ မြန်မာနိုင်ငံက လူငယ်ပေါင်းများစွာ အလုပ်အကိုင်ရရှိနိုင်ပြီး စက်မှုလုပ်ငန်းပေါင်းများစွာ ဖွံ့ဖြိုးလာမယ်လို့ မျှော်လင့်ပါတယ်”ဟု နှစ်ပေါင်း ၃ဝ အတွင်း ကမ္ဘာ့နိုင်ငံအများအပြားတွင် လုပ်ငန်းဆောင်ရွက်မှုအတွေ့အကြုံများ ရရှိပြီးဖြစ်သည့် Global SaeA ၏ စီအီးအို မစ္စတာကင်ကီမြောင်းက ပြောသည်။

စီမံကိန်းတွင် စက်မှုဇုန်၊ အိမ်ရာ၊ သယ်ယူပို့ဆောင်ရေး ဧရိယာစသည်တို့ ပါဝင်မည်ဖြစ်သည်။

”အကောင်းဆုံးစက်မှုဇုန် ဖြစ်လာအောင် အကောင်အထည်ဖော် ဆောင်ရွက်ပေးမယ်ဆိုတာကို ကတိပြုပါတယ်”ဟု ကိုရီးယားကုမ္ပဏီ L&H  ၏ စီအီးအို မစ္စတာဗြောင်ချန်းဟွန် (Mr. Byun Chang Heum)  ကလည်း ပြောသည်။

လက်ရှိတွင် အဆိုပါ အကျိုးတူစက်မှုဇုန် ဧက ၅ဝဝ ကျော်အနက် ၃၁၄ ဒသမ ၆၉ ဧကတွင် အကောင်အထည်ဖော်မှု အဆင့် ၁  (Phase 1)  စတင်ဆောင်ရွက်ရန် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုချက် ရရှိထားပြီးဖြစ်သည်။

Phase 1 တွင် စက်မှုလုပ်ငန်းဧရိယာ၊ သုတေသနနှင့်ဖွံ့ဖြိုးတိုးတက်ရေး၊ အိမ်ရာနှင့် စီးပွားရေးဆိုင်ရာ အဆောက်အအုံ၊ သင်တန်းကျောင်းများ ပါဝင်မည်ဖြစ်သည်။ ထိုစီမံကိန်းလုပ်ငန်းများအတွက် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၄၈ ဒသမ ၄၅၁ သန်းရှိမည်ဟုလည်း ထုတ်ပြန်ထားသည်။

ရင်းနှီးမြှုပ်နှံမှုအချိုးမှာ မြို့ပြနှင့်အိမ်ရာဌာနက ၄ဝ ရာခိုင်နှုန်း၊ ကိုရီးယား Land and Housing Corporation က ၄ဝ ရာခိုင်နှုန်းနှင့်  Global SaeA က ၂ဝ ရာခိုင်နှုန်း ထည့်ဝင်မည်ဖြစ်သည်။ မြန်မာနိုင်ငံက မိမိထည့်ဝင်ရမည့် အချိုးအတွက် မြေကိုသာ ထည့်ဝင်ခြင်းဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန တာဝန်ရှိသူက ပြောသည်။

အကျိုးအမြတ်ခွဲဝေမှုတွင်လည်း ထိုကဲ့သို့ပင် မြန်မာဘက်က ၄ဝ ရာခိုင်နှုန်းနှင့် ကိုရီးယားဘက်က ၆ဝ ရာခိုင်နှုန်းဖြစ်သည်။ စက်မှုဇုန်အတွက် ဇုန်ပြင်ပ အခြေခံအဆောက်အအုံ (လမ်း၊ ရေ၊ လျှပ်စစ်) များ တည်ဆောက်ရေးအတွက်မူ နှစ်နိုင်ငံအစိုးရ သဘောတူထားပြီးဖြစ်သည့် ကိုရီးယားအစိုးရ၏ EDCF ချေးငွေဖြင့် တည်ဆောက်မည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က ပြောသည်။

ဇုန်အတွက် မြေငှားသက်တမ်းသည် ကနဦး နှစ် ၅ဝ ဖြစ်ပြီး ၁ဝ နှစ် နှစ်ကြိမ်သက်တမ်းတိုးနိုင်ခွင့် အပါအဝင် သက်တမ်းနှစ် ၇ဝ ဖြစ်သည်။ အဆိုပါ (phase 1) ကို လာမည့် ၂ဝ၂ဝ ပြည့်နှစ်တွင် စတင်တည်ဆောက်မည် ဖြစ်ပြီး တည်ဆောက်ရေးကာလမှာ သုံးနှစ်ဖြစ်သည်။

ထို့ပြင် စက်မှုဇုန် တည်ထောင်ပြီးပါက စက်မှုလုပ်ငန်းများက အခွန်ရငွေအဖြစ် အမြတ်ခွန်၊ မြေခွန်၊ ဝင်ငွေခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန်များ တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၁ဝ သန်းခန့် ရရှိနိုင်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနထံမှ သိရသည်။

မြန်မာနိုင်ငံတွင် အလုပ်အကိုင်အခွင့်အလမ်း အလွန်အမင်းလိုအပ်နေကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဂျပန်နိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံအပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပြီးဖြစ်သည်။ ယခုစီမံကိန်းတွင် လုပ်သားအင်အားအခြေပြု Labour Intensive စက်မှုလုပ်ငန်းများ ပါဝင်မည်ဖြစ်ကြောင်းလည်း တာဝန်ရှိသူများက ပြောသည်။

ထို့ကြောင့် စက်မှုဇုန်အတွက် အပြုသဘောရှုမြင်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်ချိုက ဆိုသည်။

”နိုင်ငံတွင်းမှာ တကယ်လည်း အလုပ်အကိုင်အခွင့်အလမ်းတွေ လိုနေတာဆိုတော့ ဒီလို လုပ်သားအင်အားကို အဓိကထားတဲ့ စက်ရုံ၊ အလုပ်ရုံတွေ များများလာစေချင်တယ်။  လာမှလည်း အဆင်ပြေမှာ”ဟု ၄င်းက ပြောသည်။

ထိုင်းနိုင်ငံသို့ သွားရောက်၍ အလုပ်လုပ်ကိုင်နေသော ကိုလှိုင်ဦးကလည်း အခွင့်သာလျှင် ပြန်လာချင်သည်ဟု ပြောသည်။

”ဒီမှာ အဆင်မပြေလို့လားဆိုတော့ ပြေပါတယ်။ ဒါပေမဲ့ ကိုယ့်မိသားစုရှိရာ ဒါမှမဟုတ် မိသားစုနဲ့ နီးရာ ဒေသမှာပဲ လုပ်ချင်တာပေါ့ဗျာ။ ခုက မဖြစ်လို့သာ ဒီကိုရောက်နေရတာပါ”ဟု ပြောသည်။