冲突之间的项目与若开邦

更多精采内容请下载官方APP: 苹果(iPhone)、安卓(Android)安卓国内下载(APK)
ပဋိပက္ခများကြား စီမံကိန်းများနှင့် ရခိုင်
ရခိုင်ပြည်နယ်တွင် ပဋိပက္ခများရှိနေဆဲဖြစ်သော်လည်း ပြည်တွင်း၊ ပြည်ပကုမ္ပဏီများက ပြည်နယ်အတွင်း  စီမံကိန်းကြီးများ အကောင်အထည်ဖော်ရန် အဆိုပြုတင်ပြမှုများ ရှိနေသည်။

တရုတ်၏ OBOR အခြေပြုဆက်စပ်စီမံကိန်းများ၊ ရခိုင်ပြည်နယ်ပတ် ကုန်သွယ်ရေးလမ်းကြောင်း ဖောက်လုပ်မည့်စီမံကိန်း၊ ကြယ်ငါးပွင့်ဟိုတယ်စီမံကိန်း၊ ကျောက်ဖြူရေနက်ဆိပ်ကမ်းကို အထောက်အကူပြုမည့် ဆိပ်ကမ်းစီမံကိန်း၊ မြို့သစ်စီမံကိန်းများနှင့် အခြား စိုက်ပျိုးရေး၊ မွေးမြူရေးစီမံကိန်းများဖြစ်သည်။

ကျောက်ဖြူခရိုင် အလယ်ဒွိန်ကျေးရွာအုပ်စုတွင် ပြည်နယ်အတွင်း ငါးနှင့် ပုစွန်မွေးမြူရေးလုပ်ငန်း၊ မဒေးကျွန်းတွင် ရေနက်ဆိပ်ကမ်း အထောက်အကူပြု ဆိပ်ကမ်းစီမံကိန်းနှင့် ရမ်းဗြဲမြို့နယ်တွင် ကြယ်ငါးပွင့်အဆင့်ရှိ RAMMREE SEA VIEW RESORT တည်ဆောက်မည့် စီမံကိန်းများကို Forging The Future Co. Ltd နှင့် Myanmar Bright Prospect International Logistics Co. Ltd တို့က အဆိုပြု တင်ပြထားသည်ဟု ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ပြောသည်။

ဟိုတယ်နှင့် ဆိပ်ကမ်းစီမံကိန်းသည် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအတွက် အထောက်အပံ့ဖြစ်စေမည် ဖြစ်သည်။ တရုတ်ကုမ္ပဏီက အကောင်အထည်ဖော်မည့် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအတွက် ကုန်တင်ကုန်ချပြုရန် အထောက်အကူဆိပ်ကမ်းလိုအပ်ပြီး ယင်းအတွက် တည်ဆောက်မည်ဖြစ်သည်။ အဆိုပါဆိပ်ကမ်းတွင် ကန်ဒေါ်လာ သန်း ၁ဝဝ ကျော် ကနဦးရင်းနှီးမြှုပ်နှံမည်ဟု ရခိုင်ပြည်နယ်အစိုးရ၊ စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်က မြန်မာတိုင်း(မ်)ကို ပြောသည်။

ဖွံ့ဖြိုးမြန်မာကုမ္ပဏီကလည်း ပုဏ္ဏားကျွန်း စက်မှုဇုန် စီမံကိန်းရင်းနှီးမြှုပ်နှံမှုနှင့်အတူ ရခိုင်ပြည်နယ် ကမ်းရိုးတန်းတစ်လျှောက် ပတ်လမ်းတွင် ကွန်တိန်နာကားကြီးများဖြတ်သန်းနိုင်မည့် လမ်းဖောက်လုပ်ရန် ပြည်နယ်အစိုးရထံ အဆိုပြုထားသည်ဟု ၄င်းက ပြောသည်။

ပြည်နယ်အစိုးရကလည်း ခွင့်ပြုခြင်းကြောင့် ကုမ္ပဏီသည် မြေပြင်ကွင်းဆင်းလေ့လာမှုများ ပြုလုပ်လျက်ရှိသည်။

”လာရောက် အဆိုပြုတာတွေ တော်တော်များများ ရှိကြတယ်။ တချို့ဆိုရင် survey ဆင်းဖို့တောင်းတယ်။ တချို့ဆိုရင် ရင်းနှီးမြှုပ်နှံခွင့် ဘယ်လိုလုပ်ရမလဲ။ မြေယာရရှိဖို့ စသည်အားဖြင့် တောင်းဆိုတာတွေ ရှိတယ်။ ဒါတွေလည်း ကျွန်တော်တို့က အတတ်နိုင်ဆုံး ဥပဒေဘောင်အတွင်းက လုပ်ပေးမယ်”ဟု ဦးဝင်းမြင့်က ပြောသည်။

Gold Coast KTMG Development Co.Ltd  ကလည်း ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၃၈ ဘီလျံဖြင့် စစ်တွေမြို့သစ်စီမံကိန်း (New Sittwe Myanmar City 2030) ကို အကောင်အထည်ဖော်ရန် ပြည်နယ်အစိုးရကို တင်ပြထားသည်။ စီမံကိန်းနှင့် ပတ်သက်၍ ပြည်ထောင်စုအစိုးရထံ တင်ပြရန် အဆင်သင့်ဖြစ်နေပြီဖြစ်ကာ ခွင့်ပြုချက်ရရှိလျှင် ၂ဝ၂ဝ ပြည့်နှစ်တွင် လုပ်ငန်းများ စတင်နိုင်မည်ဖြစ်ပြီး ၂ဝ၃ဝ တွင် ပြီးစီးအောင် ဆောင်ရွက်နိုင်မည်ဟု ပြည်နယ်အစိုးရက ပြောသည်။

ရင်းနှီးမြှုပ်နှံရန် တင်ပြလာသော အဆိုပါစီမံကိန်းများသည် ပြည်နယ်အတွင်း အလုပ်အကိုင်များ ဖန်တီးပေးနိုင်မည့် အခွင့်အလမ်းတစ်ခုလည်း ဖြစ်သည်။ ထို့အတွက် ပြည်နယ်အစိုးရက စီမံကိန်း မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်နိုင်ရန် ဥပဒေဘောင်အတွင်းက ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ကုမ္ပဏီဘက်ကလည်း ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေး၍ ရရှိလာနိုင်မည့် အကျိုးကျေးဇူးများကို ပွင့်လင်းမြင်သာစွာ ချပြဆောင်ရွက်ရန် လိုအပ်သည်ဟု ပြည်နယ်ဝန်ကြီးချုပ်က ပြောသည်။

အဆိုပြုမှုများထဲတွင် Forging The Future Co. Ltd နှင့် Myanmar Bright Prospect International Logistics Co. Ltd တို့တင်ပြထားသော စီမံကိန်းများ၏ တချို့နေရာများသည် လယ်ယာမြေ၊ ဥယျာဉ်မြေများ ပါဝင်နေသောကြောင့် မြေယာလုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ရန် ပြောဆိုထားသည်ဟု ပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်က ပြောသည်။

”မြေယာကိစ္စ အရှုပ်အရှင်းကို အရင်ဆုံးလုပ်ဖို့ပေါ့” ဟု ၄င်းက ပြောသည်။

ရင်းနှီးမြှုပ်နှံမှုပမာဏကို ကြယ်ငါးပွင့်အဆင့် ဟိုတယ်စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ ၃၈ သန်းနှင့် ဆိပ်ကမ်းစီမံကိန်းအတွက် ကန်ဒေါ်လာ သန်း ၁ဝဝ ကျော် ကနဦးကုန်ကျမည်ဟု ခန့်မှန်းထားပြီး ဟိုတယ်လုပ်ငန်းများ အထောက်အကူဖြစ်ရန် စိုက်ပျိုးရေး၊ မွေးမြူရေးစီမံကိန်းများ ဆက်လက်လုပ်ဆောင်ရန် ဆွေးနွေးမည်ဟု ဦးဝင်းမြင့်က ပြောသည်။

”တင်တော့ တင်ပြကြတာပဲ။ လက်တွေ့အကောင်အထည်ဖော်ဖို့ ကျွန်တော်တို့က ပြောနေတာ။ ဥပဒေ၊ လုပ်ထုံးလုပ်နည်းနဲ့အညီ လုပ်ဖို့လိုတယ်။ အဓိကက ပြည်တွင်းဖြစ်စေ၊ ပြည်ပဖြစ်စေ အမှန်တကယ် ရင်းနှီးမြှုပ်နှံမယ့်သူကို အများကြီး လိုလားတယ်၊ လိုချင်တယ်”ဟု ၄င်းက ပြောသည်။

ရခိုင်ပြည်နယ်သည် ရေကြောင်းဆက်သွယ်မှုဖြင့် သွား၍ရသကဲ့သို့ ကုန်းတွင်းပိုင်း ဆက်သွယ်ရေးလမ်းကြောင်းများလည်း ရှိသည်။ လေကြောင်းလိုင်းဖြင့် သွားလာနိုင်ရန် အတွက်လည်း သံတွဲလေယာဉ်ကွင်းနှင့် ကျောက်ဖြူလေယာဉ်ကွင်းများကို တိုးချဲ့ရန် အစီအစဉ်ရှိနေသည်။

ပြည်နယ်အတွင်း စိုက်ပျိုးရေးလုပ်ကိုင်ပါက ပြည်နယ်အဆင့်အစိုးရက ပထမအဆင့်အတွက် မြေဧက ၃ဝဝ၊ ဒုတိယအဆင့်တွင် ဧက ၃ဝဝ ထပ်ပေးခြင်းနှင့် တတိယအဆင့်အတွက် ဧက ၃ဝဝ ထပ်ပေး၍ စုစုပေါင်း ဧက ၉ဝဝ ပေးပိုင်ခွင့်ရှိသည်။ ပုဏ္ဏားကျွန်းတွင် အစိုးရက လျော်ကြေးပေးထားပြီးဖြစ်သော မြေဧက ၁,ဝဝဝ ကျော်ရှိကြောင်း ပြည်နယ်အစိုးရထံမှ သိရသည်။

”ကျွန်တော်တို့ဆီမှာ လာရင်းနှီးမြှုပ်နှံပါ။ ပြည်တွင်းကဖြစ်စေ၊ ပြည်ပကဖြစ်စေ မြေနေရာလိုရင် မြေနေရာ ရှာပေးမယ်။ စက်မှုဇုန်ထဲမှာ လုပ်ချင်ရင် သတ်မှတ်ချက်နဲ့အညီ ချပေးမယ်။ ဒါပေမဲ့ တချို့ဟာတွေက ပြည်ထောင်စုက ခွင့်ပြုနိုင်တဲ့ဟာ ဖြစ်တဲ့အတွက် ပြည်ထောင်စုနဲ့ ချိတ်ဆက်ပြီးလာပါ”ဟု ဦးဝင်းမြင့်က ပြောသည်။

ယခု အဆိုပြုထားသော စီမံကိန်းများသည် စီမံကိန်းကြီးများဖြစ်ခြင်းကြောင့် ပြည်နယ်အစိုးရ လုပ်ပိုင်ခွင့်မရှိဘဲ ပြည်ထောင်စုအစိုးရ လုပ်ပိုင်ခွင့်ထဲတွင် ရှိနေသည်။ လက်ရှိ ရင်းနှီးမြှုပ်နှံမှုဥပဒေအရ တိုင်းနှင့် ပြည်နယ်များသည် ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ငါးသန်းအောက်သာ ခွင့်ပြုပိုင်ခွင့်ရှိပြီး ကန်ဒေါ်လာ ငါးသန်းအထက် ရင်းနှီးမြှုပ်နှံမှုဖြစ်ပါက ဗဟိုအစိုးရက ခွင့်ပြုခြင်းဖြစ်သည်။

စီမံကိန်းများအနက် စစ်တွေမြို့သစ်စီမံကိန်းသည် ရင်းနှီးမြှုပ်နှံမှုကော်မရှင်သို့ တင်ပြထားပြီဖြစ်ပြီး လိုအပ်သော လုပ်ထုံးလုပ်နည်းအတိုင်း အခြားလုပ်ငန်း စဉ်များ လုပ်ဆောင်ရန် ညွှန်ကြားထားသည်ဟု ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်ဆံရေးဝန်ကြီး ဌာန၊ ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က ပြောသည်။

”မငြိမ်မသက်ဖြစ်မှုက ရခိုင်ပြည်နယ်ကြီးတစ်ခုလုံးကို မသက်ရောက်ပါဘူး။ ခရိုင်ခုနစ်ခုရှိတဲ့ထဲက မောင်တောခရိုင်တစ်ခုပဲ ဖြစ်တာပါ။ ရခိုင်ကမ်းလွန်ပင်လယ်ပြင်မှာ ဂက်စ်နဲ့ပတ်သက်တဲ့ သယံဇာတတွေ ရှိပါတယ်။ ပင်လယ်ထဲမှာ လုပ်လို့ရတဲ့ လုပ်ငန်းတွေရှိတယ်။ ရေတံခွန်တွေရှိတဲ့အတွက် ရေအားလျှပ်စစ်ထုတ်လို့ ရတယ်။ ပြည်နယ်အစိုးရက စနစ်တကျကိုင်တွယ် နိုင်မယ်ဆိုရင် တိုးတက်မယ်လို့ မြင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ရခိုင်ဘက်က အားလုံးက Virgin တွေကြီးပဲ”ဟု ဦးသန့်စင်လွင်က မှတ်ချက်ပြုသည်။

ရခိုင်ပြည်နယ်သည် ဒေသအချို့တွင် မငြိမ်မသက်ဖြစ်နေသော်လည်း သယံဇာတ ပေါကြွယ်ဝခြင်းနှင့် ပထဝီအနေအထားကောင်းခြင်းတို့နှင့်အညီ တရုတ်-မြန်မာစီးပွားရေးစင်္ကြ၏ အရေးပါသော ကျောက်ဖြူ အထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းစီမံကိန်းများလည်း ပေါ်လာတော့မည်။ ထိုစီမံကိန်းများနှင့် ဆက်စပ်သော ရင်းမြှုပ်နှံမှု စီမံကိန်းများလည်း ထပ်ဆင့် ဝင်ရောက်လာနိုင်မည့် အလားအလာများကို ပိုင်ဆိုင်ထားသည်။

ပြီးခဲ့သော ဇူလိုင်လကပင် ရက္ခိုင်အမျိုးသားအဖွဲ့ ချုပ်က ရခိုင်ဒေသအတွက် အကျိုးဖြစ်ထွန်းစေမည့် ပွင့်လင်းမြင်သာမှုရှိသော ရင်းနှီးမြှုပ်နှံမှုများကို ကြိုဆိုပြီး တရုတ်အစိုးရ၏ OBOR စီမံကိန်းနှင့်ဆက်စပ်သော ရေနက်ဆိပ်ကမ်း စီမံကိန်းများ၊ ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံကိန်းများကို အပြုသဘောဖြင့် ကြိုဆိုကြောင်း ထုတ်ပြန်ခဲ့သည်။

ထို့ပြင် ၄င်းတို့သည် ရခိုင်ဒေသသို့ လာရောက် ရင်းနှီးမြှုပ်နှံလိုသောနိုင်ငံများ၊ အဖွဲ့အစည်းများအားလုံးနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ရှိတွင် တရုတ်-မြန်မာ နှစ်ဖက်အစိုးရတို့ ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းအတွက် လက်မှတ်ရေးထိုးထားပြီးဖြစ်သော်လည်း ကျောက်ဖြူ အထူးစီးပွားရေးဇုန်အတွက် စာချုပ်ချုပ်ဆိုပြီးခြင်း မရှိသေးပေ။

ကျောက်ဖြူခရိုင် ဒေသခံတိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေးအသင်းကလည်း ဒေသခံတိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်စေရန် ကျောက်ဖြူဥယျာဉ်မြို့သစ်နှင့် ပင်လယ်ပြင် ငါးဖမ်းလုပ်ငန်းအပါအဝင် စိုက်ပျိုးရေး၊ မွေးမြူရေးဇုန်၊ ဟိုတယ်ဇုန်များ ဖော်ဆောင်ရန် ပြည်နယ်အစိုးရထံ တင်ပြထားသည်။ ပြည်နယ်အစိုးရက ဦးဆောင်ခြင်းဖြစ်စေ၊ အသင်းက ဦးဆောင်၍ဖြစ်စေ ရင်းနှီးမြှုပ်နှံမည့် Developer ကုမ္ပဏီများ ခေါ်ယူ၍ အကောင်အထည်ဖော်ရန် တင်ပြထားသည်ဟု အဆိုပါအသင်း၏ဥက္ကဌဦးငြိမ်းချမ်းမောင်က ပြောသည်။

”ဦးတို့ဒေသမှာ အထူးစီးပွားရေးဇုန်လို လုပ်ငန်းကြီးတွေ ပေါ်ပေါက်လာရင် ဒေသခံတိုင်းရင်းသားတွေက ကျွမ်းကျင်လုပ်သား မဖြစ်ဘူး။ ကိုယ်ကျွမ်းကျင်တဲ့ စိုက်ပျိုးရေးတို့ မွေးမြူရေးတို့မှာ သူများဆီမှာ အလုပ်လုပ်စရာမလိုဘဲ ကိုယ်ပိုင်လုပ်ငန်းရှင်တွေအဖြစ်နဲ့ ရပ်တည်နိုင်ဖို့ ပြင်ဆင်ထားတာပါ”ဟု ၄င်းက ပြောသည်။