给缅甸颁发假奖

更多精采内容请下载官方APP: 苹果(iPhone)、安卓(Android)安卓国内下载(APK)

မြန်မာနိုင်ငံကို ပေးနေတဲ့ နိုင်ငံတကာ ဆုအတုများ

စက်တင်လာ ၂၇ ရက်နေ့မှာ ဆုချီးမြှင့်သွားဖို့ရှိပါတယ်။ဓာတ်ပုံ မူပိုင်NAY YAN OO
Image captionစက်တင်ဘာ ၂၇ ရက် မှာ ဆုချီးမြှင့်သွားဖို့ရှိပါတယ်။

ခရီးသွားလုပ်ငန်းနှင့် ကုန်သွယ်ရေးဆိုင်ရာ ဥရောပကောင်စီ(European Council on Tourism and Trade) ECTT က ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူနဲ့ မြန်မာပြည်ကို ခရီးသွားလုပ်ငန်းနဲ့ ပတ်သက်တဲ့ ဆုတွေကို လာမယ့် စက်တင်ဘာလ ၂၇ ရက်မှာ ပေးဖို့ ရှိပြီး မြန်မာ အစိုးရဘက်က တာဝန်ရှိသူတွေ တက်ရောက်ပြီး ဆုယူဖို့ ရှိနေပါတယ် ။

နေပြည်တော်မှာ ကျင်းပမယ့် ကမ္ဘာ့ခရီးသွားနေ့ ပွဲတော်နဲ့ ကမ္ဘာ့အကောင်းဆုံး ခရီးစဉ်ဒေသဆု ချီးမြှင့်ပွဲ အခမ်းအနားတွေ ကိုလည်း ဖွင့်လှစ်ပေးသွားမယ်လို့ ECTT ဆိုပါတယ်။ ဒါ့အပြင် ဒု-သမ္မတ ဦးဟင်နရီဗန်ထီးယူ၊ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီး ဦးအုန်းမောင်နဲ့ တခြား အစိုးရ အရာရှိကြီးတွေနဲ့လည်း တွေ့သွားဖို့ ရှိတယ်လို့ ECTT က သတင်း ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ တုန်းကလည်း မြန်မာနိုင်ငံက ပြည်ထောင်စု ရာထူးဝန် အဖွဲ့ကို အမေရိကန်နိုင်ငံက ကျောင်းအတု တစ်ခုနဲ့ ပေါင်းပြီး သင်တန်းတွေ ဖွင့်ဖို့ လုပ်နေတာကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ကို တိုင်ကြားခံခဲ့ရ ပါတယ်။

အခု ဒု-သမ္မတ နဲ့ ဟိုတယ် ခရီး ဝန်ကြီးဌာနနဲ့ ပြည်ထောင်စု ရာထူးဝန် အဖွဲ့ကို ဆုပေးမယ်လို့ ပြောတဲ့ အဖွဲတွေဟာ နိုင်ငံတကာမှာ သိက္ခာရှိတဲ့ အဖွဲစည်းတွေ မဟုတ်ဘဲ ကျောင်းအတုနဲ့ အမည်ခံ အဖွဲ့စည်း အတုတွေ ဖြစ်တယ်လို့ ဒီဆုတွေ အကြောင်း ဖော်ထုတ် ရေးသားခဲ့တဲ့ အင်္ဂလန်နိုင်ငံ အောက်စ်ဖို့ဒ် တက္ကသိုလ် ပြည်သူ့ရေးရာ မူဝါဒ မဟာဘွဲ့ တက်ရောက် သင်ကြားနေသူ မြန်မာကျောင်းသား ကိုနေယံဦးက ဘီဘီစီကို ပြောပါတယ်။

ဘယ်တုန်းလောက်က စပြီး ဆုအတုတွေ ရှိလာတာလဲ

မြန်မာနိုင်ငံကို နိုင်ငံတကာက ပေးနေတဲ့ ဆုအတုတွေ၊ ထင်ယောင်ထင်မှားဆုတွေဟာ ဘယ်တုန်းလောက်က စနေတယ် ဆိုတာ မပြောနိုင်ပေမယ့် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်ကတည်းက ရှိနေတယ်လို့ ယူဆရကြောင်း ကိုနေယံဦးက ဘီဘီစီကို ပြောပါတယ်။

အဲဒီခေတ်တုန်းကတော့ လူပုဂ္ဂိုလ်တွေကို ပေးတဲ့ ဒေါက်တာဆုတွေ များတယ်လို့ ဆိုပါတယ် ။

စစ်အစိုးရ လက်ထက်မှာလည်း နိုင်ငံတကာက ပေးတဲ့ ဆုတွေမှာ လူပုဂ္ဂိုလ်တွေ ရတဲ့ ဒေါက်တာဆုတွေ ရှိပါတယ်။ အဲဒီထဲက တချို့ဟာ အတုတွေလို့ ဝေဖန်ခံရတာ ရှိပါတယ်။

ကိုနေယံဦးကတော့ သူဟာ အခု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရ လက်ထက်မှာ စတင်ပြီး ဆုအတုတွေ၊ ပုံမှား ရိုက်ထားတဲ့ ဆုတွေကို ဖော်ထုတ်ခဲ့တာ ဖြစ်ပြီး သူစောင့်ကြည့် တွေ့ရှိ ရသလောက်ကတော့ နှစ်ဆု ရှိပြီလို့လည်း ဘီဘီစီကို ပြောပါတယ်။

“ပြည်ထောင်စု ရာထူးဝန်ကိစ္စ ကတော့ ကျောင်းအတု သေချာတယ်၊ အခု ခရီးသွားလုပ်ငန်းနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံနဲ့ ဒုသမ္မတကို ပေးမယ် ဆိုတဲ့ ဆုကတော့ ဥရောပသမဂ္ဂ လက်အောက်က ဥရောပကောင်စီကို ပုံမှား ရိုက်ထားတာ” လို့လည်း ကိုနေယံဦးက ပြောပါတယ်။

Foreign Poliy မဂ္ဂဇင်းက တော့ ကမ္ဘောဒီးယားရွေးကောက်ပွဲ နဲ့ပတ်သက်ပြီးဒီအဖွဲ့ဟာ အတုအေယာင်လို့ပြောထားဓာတ်ပုံ မူပိုင်NAY YAN OO
Image captionForeign Poliy မဂ္ဂဇင်းက တော့ ကမ္ဘောဒီးယား ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ဒီအဖွဲ့ဟာ အတုအေယာင်လို့ ပြောထား

ဘာလို့ အလွယ်တကူ လက်ခံကြတာလဲ

အရင် ပြန်ကြားရေး ဝန်ကြီးဟောင်းဦးရဲထွဋ် ကတော့ ၂၀၁၄ ခုနှစ်တုန်းက ခရီးသွားလုပ်ငန်းနှင့် ကုန်သွယ်ရေးဆိုင်ရာ ဥရောပကောင်စီ (European Council on Tourism and Trade) က မြန်မာနိုင်ငံကို ခရီးသွားဆု ပေးအပ်ဖို့ ကမ်းလှမ်းတဲ့အခါ အဖွဲ့အစည်းအပေါ် သံသယရှိတာရယ်၊ သူတို့ဘက်က ကုန်ကျစရိတ် အပါအဝင် တောင်းခံမှုတွေ ရှိတဲ့ အတွက်ရယ်ကြောင့် ဝန်ကြီးဌာနက ဆုလက်မခံဘဲ အဆက်အသွယ် ဖြတ်ခဲ့တဲ့အကြောင်း သူ့ရဲ့ ဖေ့စ်ဘုတ် စာမျက်နှာမှာ ရေးသားထားပါတယ် ။

ECTT ဆုပေးဖို့ မြန်မာနိုင်ငံကို လာမယ့် ကိုယ်စားလှယ်အဖွဲ့မှာ အဖွဲ့ဝင် ၅ ဦးလောက် ပါဖို့ ရှိပြီး လေယာဉ်လက်မှတ် အပါအဝင် တည်းခို နေထိုင်စရိတ်အတွက် မြန်မာအစိုးရက ကုန်ကျခံရဖို့ ရှိပြီး မြန်မာငွေနဲ့ ကျပ်သိန်း ၄၅၀ ဝန်းကျင် လောက် ကုန်ကျမှာလို့လည်းကိုနေယံဦးက ပြောပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ သံအမတ်ကြီးကတော့ မြန်မာအစိုးရကို ဆုပေးမယ့် ECTT ဟာ ဥရောပသမဂ္ဂနဲ့ ဘယ်လိုမှ ပတ်သက်မှု မရှိဘူးလို့လည်း ငြင်းထားပါတယ်။

ဒီလို ပုံမှား ရိုက်တဲ့ဆုတွေ ထင်ယောင်ထင်မှားဆုတွေကို ဘာလို့ လက်ခံတာလဲ ဆိုတာနဲ့ ပတ်သက်လို့ ကိုနေယံဦးကတော့ အစိုးရဟာ သူ့ဘာသာ ရိုးရိုးသားသား မသိတာလည်း ဖြစ်နိုင်တယ်လို့ ဘီဘီစီကို ပြောပါတယ်။

“မြန်မာပြည်က အခုမှ တံခါးဖွင့်လိုက်တာ ဆိုတော့ နိုင်ငံခြားက အဖွဲ့တွေ ဝင်လာတယ်၊ ဆုတွေ ဝင်လာကြတယ်၊ အစိုးရ ဝန်ကြီးဌာန ကိုယ်တိုင်က သူတို့ဟာ အတုလား အစစ်လား၊ သေချာမသိဘူး။ ဒီတော့ သူတို့က လက်ခံလိုက်ကြပုံ ရတယ်၊ ရိုးသားတဲ့ အမှားပေါ့၊ နောက်တစ်ခုက အမှား လုပ်မိတာတော့ ဟုတ်ပြီ၊ ပြည်သူလူထုက ထောက်ပြရင် လက်ခံသင့်တာပေါ့၊ ဒါ့အပြင် ဒီကိစ္စတွေမှာ အကျင့်ပျက် ခြစားမှုတွေ ရှိနေနိုင်တယ် ဆိုတာလည်း သတိထားသင့်တယ်”လို့လည်း သူက ပြောပါတယ်။

ECTT ရဲ့ ဝက်ဆိုက်ကို တက်ကြည့်တာနဲ့ မြန်မာပြည်ကို ပေးမယ့်ဆု အကြောင်းကို တန်းပြီး မြင်ရမှာပါ။ဓာတ်ပုံ မူပိုင်NAY YAN OO
Image captionECTT ရဲ့ ဝက်ဆိုက်ကို တက်ကြည့်တာနဲ့ မြန်မာပြည်ကို ပေးမယ့် ဆုအကြောင်းကို တန်းပြီး မြင်ရမှာပါ။

မြန်မာနိုင်ငံက သားကောင်ဖြစ်နေပြီလား

ETCCက မြန်မာနိုင်ငံကို၂ဝ၁၄ ခုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံး ခရီးစဉ်ဒေသဆု ပေးအပ် ချီးမြှင့်ဖို့ လုပ်ခဲ့သလို အဲဒီတုန်းက ငြင်းလိုက်လို့ ၂၀၁၉ ခုနှစ်မှာ တကျော့ပြန်ပြီး ဒီအဖွဲ့က ဝင်လာတာ ဖြစ်ပါတယ်။ သူတို့အဖွဲ့က ပေးတဲ့ ကမ္ဘာ့အကောင်းဆုံး ခရီးစဉ်ဒေသဆုကို ရခဲ့တဲ့ နိုင်ငံစာရင်းတွေကို ကြည့်ရင် ဖွံ့ဖြိုးဆဲ နိုင်ငံတွေ များပါတယ် ။

ဒီဆုကို ၂၀၁၃ – လာအို ၊၂၀၁၄ – ဇင်ဘာဘွေ၊ ၂၀၁၅ – အီသီယိုးပီးယား၊ ၂၀၁၆ – ကမ္ဘောဒီးယား၊ ၂၀၁၈ – ကမ္ဘောဒီးယား (ဒုတိယအကြိမ်ရရှိ)၊၂၀၁၉ – မြန်မာက ရခဲ့တာ ဖြစ်ပါတယ်။

ETCC က အဓိကအားဖြင့်တော့ ဆင်းရဲတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေကို အဓိက ပစ်မှတ်ထားပြီး ဒီအဖွဲ့က လှုပ်ရှားနေတယ် ဆိုတာ မြင်သာပါတယ်။

ဒီအဖွဲ့တွေဟာ ဆင်းရဲတဲ့ နိုင်ငံတွေ အာဏာရှင်နိုင်ငံတွေကို ပစ်မှတ်ထားတာ ဖြစ်ပြီးတော့ ဈေးကွက်ကြီး တစ်ခုလို ဖြစ်နေတယ်၊ အဲဒီထဲမှာ မြန်မာဟာ ဒီလိုအဖွဲ့တွေရဲ့ သားကောင် ဖြစ်နေတယ်လို့လည်း ကိုနေယံဦးက ပြောပါတယ်။

မြန်မာတိုင်းမ်(စ်) သတင်းဖော်ပြချက်ဓာတ်ပုံ မူပိုင်NAY YAN OO
Image captionမြန်မာတိုင်းမ်(စ်) သတင်းဖော်ပြချက်

ဘယ်သူ့မှာတာဝန်ရှိလဲ

ဒီဆုတွေကို ပေးဖို့ မြန်မာနိုင်ငံနဲ့ ဘယ်လို ချိတ်မိသွားတယ် ဆိုတာကို တိတိကျကျ မသိရသလို ဆုယူဖို့ မယူဖို့ကိုလည်း အခုထိတော့ အစိုးရဘက်က ပြန်ရှင်းတာမျိုး မရှိသေးပါဘူး။

ဒီဆုကို လက်ခံရယူဖို့ ဆုံးဖြတ်လိုက်တယ် ဆိုရင်တော့ ဆုအတွက် အသုံးစရိတ်ကို ဘယ်သူက သုံးစွဲခွင့် ပေးတာလဲ။ ဘယ်လောက်တောင် ကုန်သွားပြီလဲ။ ဘာတွေအတွက် သုံးတာလဲ။ ဒါတွေကို တာဝန်ခံ ဖြေရှင်းဖို့လည်း ရှိလာပါတယ်။

ပြီးခဲ့တဲ့ ပြည်ထောင်စု ရာထူးဝန်ကိစ္စနဲ့ ပတ်သက်ပြီး အစိုးရဖက်ကတော့ ဒီကျောင်းကိစ္စဟာ အစိုးရအဖွဲ့ ကို တင်ပြပြီးမှ ဆောင်ရွက်ခဲ့တာ ဖြစ်ပြီးတော့ အဂတိလိုက်စားမှုတွေနဲ့ ပတ်သက်မှု မရှိဘူးလို့ တုံ့ပြန့်ခဲ့ပါတယ်။

“ဝန်ကြီးဌာနက လာတယ်ဆိုရင်တော့ ဝန်ကြီးဌာနက သေချာ စိစစ်သင့်တယ်၊ လွယ်လွယ်ကူကူ လက်မခံသင့်ဘူး။ သုတေသနတွေ ဘာတွေ လုပ်သင့်တယ်၊ အဲဒီအချိန်မှာလည်း မီဒီယာတွေ ကျွမ်းကျင်သူတွေ ထောက်ပြရင် လက်ခံသင့်တယ်၊ မှားရင်လည်း ရှင်းရှင်းလင်းလင်း ရဲရဲရင့်ရင့် ဝန်ခံသင့်တယ်၊ မသိလို့ မှားတာဆိုရင် ပြည်သူလူထုက ဒါကို လက်ခံမှာပါ”လို့လည်း ကိုနေယံဦးက ပြောပါတယ်။

ဒီလိုမဖြစ်အောင် ဘယ်လိုလုပ်သင့်လဲ

ဒီအဖွဲ့တွေက အစိုးရကို ချဉ်းကပ်လာရင် သူတို့ကို လာချဉ်းကပ်သူတွေဟာ မှန်မမှန် စိစစ်ဖို့ ဆိုတာက အစိုးရနဲ့ သက်ဆိုင်ရာ ဝန်ကြီးဌာနက ဝန်ထမ်းတွေမှာ တာဝန်ရှိတယ်လို့လည်း ကိုနေယံဦးက ပြောပါတယ်။

“ကျွန်တော်တို့ သာမန် ပြည်သူတွေတောင် လုပ်နိုင်ရင် သူတို့လည်း လုပ်နိုင်ရမှာပေါ့၊ ဒါဟာ အင်တာနက်မှာ အလွယ်တကူ လေ့လာလို့ ရတဲ့ဟာပဲ၊ နောက်တစ်ခုက ဒါကို မကျွမ်းကျင်ဘူး ဆိုရင် ကျွမ်းကျင်တဲ့ အန်ဂျီအိုတွေ၊ နားလည်သူတွေကို အကူအညီ တောင်းသင့်တယ်” လို့လည်း ကိုနေယံဦးက ပြောပါတယ်။

ဒါပေမဲ့ နိုင်ငံတစ်နိုင်ငံရဲ့ အကြီးအကဲ တစ်ယောက်ကို ဒီအတိုင်း ဆုပေးလို့ မရဘူးလို့ နိုင်ငံတကာ ဆက်သွယ်ရေး လုပ်ထုံးလုပ်နည်းတွေကို နားလည်တဲ့ သူက ပြောပါတယ်။

“ဒီဟာ ဒုသမ္မတ ကတော့ ဒါကို သိနိုင်မှာ မဟုတ်ဘူး၊ ဘယ်က ထွက်လာတာလဲ စိတ်ဝင်စားဖို့ ကောင်းတယ်၊ဆုပေးမယ် ဆိုရင် အဲဒီနိုင်ငံက သံရုံးပါမယ်၊ သံရုံးကနေ နိုင်ငံခြားရေး အဲဒီကနေ ဟိုတယ်ခရီး သမ္မတရုံး အဲလို အဆင့်ဆင့် သွားရတာ၊ ဒီအဆင့်တွေမစိစစ်နိုင်ဘူးလား၊ ဒါ ဘယ်လို ဖြစ်လာတယ် ဆိုတာက စိတ်ဝင်စားဖို့ ကောင်းတယ်၊ ဒါဟာ လုပ်နေကျ အဆင်တွေမို့ ရိုးရိုးသားသား မှားတာလို့ ပြောရခက်တယ်”လို့လည်း သူက ပြောပါတယ်။

“ကျွန်တော်တို့ကတော့ ကိုယ့်နိုင်ငံ ကောင်းစေချင်လို့ ပြောတာ လာမယ့် စက်တင်ဘာမှာ မြန်မာနိုင်ငံကို ဆုပေးမယ့် ဒီအဖွဲ့ဟာ အတုလား ဆိုတော့ အတု လို့တော့ ပြောလို့ မရဘူး။ ဒါပေမယ့် ဥရောပသမဂ္ဂကို ထင်ယောင်ထင်မှား လုပ်ပြီး ပုံမှား ရိုက်ထားတဲ့ အဖွဲ့ ဖြစ်လို့ ဒီလိုအဖွဲ့တွေနဲ့ ပတ်သက်မိတဲ့အတွက် မြန်မာပြည်ရဲ့ ဂုဏ်သိက္ခာ ကျဆင်း သွားဖို့ပဲ ရှိပါတယ်”လို့လည်း ကိုနေယံဦးက ပြောပါတယ်။

BBC