中国政府拥有的黑名单公司东方电气与多米斯控股公司合作开发煤炭和水电站项目

更多精采内容请下载官方APP: 苹果(iPhone)、安卓(Android)安卓国内下载(APK)

တရုတ်အစိုးရပိုင် နာမည်ပျက် Dongfang က ပြည်တွင်း M.Y HOLDING နှင့်ပေါင်း၍ ရေအားနှင့် ကျောက်မီးသွေးသုံးလျှပ်စစ်ထုတ်စီမံကိန်း လုပ်ရန်ရှိ

တရုတ်အစိုးရပိုင် နာမည်ပျက် Dongfang ကုမ္မဏီက ပြည်တွင်း M.Y HOLDING ကုမ္ပဏီနှင့်ပေါင်း၍ ရေအားနှင့် ကျောက်မီးသွေးသုံးလျှပ်စစ်ထုတ်စီမံကိန်း လုပ်ရန်ရှိ

မမှန်မကန်လုပ်ဆောင်မှုဖြင့် ကမ္ဘာ့ဘဏ်၏ အရေးယူခြင်းခံထားရသည့် တရုတ်အစိုးရပိုင် Dongfang Electric International Corporation သည် မြန်မာနိုင်ငံမှ M.Y HOLDING နှင့်ပူးပေါင်း၍ ရေအားနှင့် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားထုတ်စီမံကိန်းများအတွက် ပူးပေါင်းဆောင်ရွက်နေကြောင်း M.Y HOLDING ကုမ္ပဏီ၏ တရားဝင် Website တွင် သတင်းထုတ်ပြန်ထားချက် အရ သိရှိရသည်။

၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက်နေ့တွင် M.Y Holding နှင့် တရုတ်အစိုးရပိုင် Dongfang Electric International Corporation (DEC)တို့သည် ကျောက်မီးသွေးသုံး ဓာတ်အားထုတ်စီမံကိန်းနှင့် ရေအားလျှပ်စစ်ထုတ်လုပ်ရေး စီမံကိန်းများအတွက် နားလည်မှု စာချွန်လွှာ ရေးထိုးခဲ့ကြကြောင်း၊ ပထမအဆင့်အနေဖြင့် လေ့လာမှုများဆောင်ရွက်ခဲ့ပြီး အစီရင်ခံစာနှင့် အဆိုပြုများ ဆောင်ရွက်နေကြောင်း၊ ယင်းအဆိုပြုမှုများနှင့်အတူ သဘာ၀ ပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင် ထိခိုက်မှုဆိုင်ရာ အစီရင်ခံစာများကိုလည်း ဆောင်ရွက် နေကြောင်း၊ စီမံကိန်း နောက်တစ်ဆင့်အနေဖြင့် စီမံကိန်း တည်ဆောက်ခြင်း အပါအဝင် လက်တွေ့ အကောင်အထည်ဖော်ခြင်းကိုလည်း DEC နှင့် ပူးတွဲ ဆောင်ရွက်ရန်ရှိကြောင်း M.Y Holding က သတင်းထုတ်ပြန်ထားသည်။

တရုတ်အစိုးရပိုင် DEC ကုမ္ပဏီ လိုက်ဘီးရီးယားနိုင်ငံမှာ ဘယ်လို လိမ်လည်မှုတွေ လုပ်ခဲ့လဲ

Dongfang Electric International Corporation (DEC) သည် တရုတ်ဗဟိုအစိုးရက တိုက်ရိုက် ထိန်းချုပ်သော ကုမ္ပဏီဖြစ်ပြီး ရုံးချုပ်သည် Sichuan ပြည်နယ်၊ Chengdu မြို့တွင် တည်ရှိသည်။ နှစ်ပေါင်း ၆၀ ကျော်ကြာ တရုတ်အစိုးရပိုင် အကြီးစားစက်မှုလက်မှု၊ လမ်းပန်းဆက်သွယ်ရေး၊ ထုတ်လုပ်ရေး၊ နည်းပညာနှင့် တည်ဆေက်ရေးကုမ္ပဏီကြီးအဖြစ် ရှေ့တန်းက ဦးဆောင်ပါဝင်နေပြီး နိုင်ငံတကာတွင်လည်း ရင်းနှီးမြှုပ်နှံမှုများစွာ လုပ်ဆောင်လျက်ရှိနေသည်။

နိုင်ငံပေါင်း ၈၀ တွင် စီးပွားရေး စီမံကိန်းများကို လုပ်ဆောင်နိုင်ခဲ့သော ကုမ္ပဏီဖြစ်သည်ဟု အဆိုပါ ကုမ္ပဏီ၏ တရားဝင် Website တွင် သတင်းထုတ်ပြန်ထားသည်။

၂၀၁၉ ခုနှစ် ဇွန် ၁၂ ရက်နေ့တွင် ကမ္ဘာ့ဘဏ်က တရုတ်အစိုးရပိုင် DEC ကုမ္ပဏီကို အမေရိကန်ဒေါ်လာ သန်း ၆၀ တန် လိုက်ဘီးရီးယား နိုင်ငံ လျှပ်စစ်ဓာတ်အားပေးဝေရေး အဆင့်မြှင့်တင်သည့် စီမံကိန်းတစ်ခုတွင် မမှန်မကန်လုပ်ဆောင်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ၁၅ လတာ အရေးယူမှု ဆောင်ရွက်ကြောင်း တရားဝင် ထုတ်ပြန်လိုက်သည်။

အဆိုပါအရေးယူမှုအရ DEC ကုမ္ပဏီအနေဖြင့် ကမ္ဘာ့ဘဏ်က ငွေရေးကြေးရေးအားဖြင့် ကူညီမှု ပြုထားသော ဖွံ့ဖြိုးရေးဆိုင်ရာ စီမံကိန်းများတွင် ဝင်ရောက် တင်ဒါယှဉ်ပြိုင်ခွင့်မရှိတော့ဘဲ ၁၅ လတာ ပိတ်ပင်ခံရခြင်းဖြစ်သည်။

တရုတ်အစိုးရပိုင် DEC ကုမ္ပဏီသည် ကမ္ဘာ့ဘဏ်က ပံ့ပိုးကူညီပေးထားသည့် လိုက်ဘီးရီးယားနိုင်ငံ၏ လျှပ်စစ်ဓာတ်အားတိုးမြှင့်ရေး စီမံကိန်းတစ်ခုတွင် တင်ဒါဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ယင်းသို့ ယှဉ်ပြိုင်ရာတွင် စာရွက်စာတမ်း နှစ်စောင် အတုလုပ်တင်ပြခဲ့ကြောင်း၊ ကုန်ပစ္စည်းထုတ်လုပ်သူတချို့က DEC ကုမ္ပဏီကို ၎င်းတို့၏ ပစ္စည်းများအတွက် ကိုယ်စားလှယ်နှင့် တပ်ဆင်ခွင့်အတွက် အာဏာလွှဲပေးအပ်ထားသည်ဆိုသော စာရွက်စာတမ်း နှစ်စောင်ကို DEC က အတုပြုလုပ်၍ တင်ဒါလျှောက်ထားခဲ့ကြောင်း၊ ယင်းသို့ လျှောက်ထားမှုကို စိစစ်တွေ့ရှိခဲ့ရပြီး DEC ကုမ္ပဏီသည် တင်ဒါ ရှုံးနိမ့်ခဲ့ကာ ကမ္ဘာ့ဘဏ်၏ အရေးယူမှုကို ပါ ခံလိုက်ရခြင်းဖြစ်သည်။

တရုတ် DEC ကုမ္ပဏီသည် ၂၀၁၉ ခုနှစ် ဇွန်လမှ ၂၀၂၀ ခုနှစ် စက်တင်ဘာလ အထိ ကမ္ဘာ့ဘဏ်၏ အရေးယူပိတ်ဆို့မှု ခံထားရပြီဖြစ်သည်။

တရုတ်အစိုးရပိုင် DEC ကုမ္ပဏီနှင့် ပူးပေါင်းထားသည့် M.Y Holding ကုမ္ပဏီ

M.Y Holding ကုမ္ပဏီ ဥက္ကဋ္ဌ မှာ ဦးရဲထွဋ်ဖြစ်ပြီး ကုမ္ပဏီသည် ၁၉၉၀ ခုနှစ်တွင် YHO ကုန်သွယ်ရေး ကုမ္ပဏီအဖြစ် သွင်းကုန်များကို စတင်တင်သွင်းခဲ့ခြင်းက M.Y Holding ၏ အစဖြစ်သည်။

၁၉၉၆ ခုနှစ် ဇန်နဝါရီလတွင် M.Y Associates ကို EAC ( East Asiatic Company ) နှင့်ပူးတွဲ တည်ထောင်ခဲ့ကြောင်း၊ ၁၉၉၆ ခုနှစ် မေလတွင် မြန်မာနိုင်ငံ၏ ပထမဆုံးသော စူပါးမားကတ်အဖြစ် Myaing Hay Wun (MHW) Food Center ကို တည်ထောင်ခဲ့ကြောင်း ယင်းကုမ္ပဏီ၏ တရားဝင် Website တွင် ကြေညာထားသည်။

၁၉၉၇ ခုနှစ်တွင် EAC M.Y Chemicals ၊ EAC M.Y Technical Marketing တို့နှင့် ပူးတွဲ ဆောင်ရွက်မှု လုပ်ဆောင်ခဲ့ပြီး ၁၉၉၈ ခုနှစ်တွင် M.Y Associates Engineering Division ကို တည်ထောင်ခဲ့ကြောင်း သိရှိရသည်။

၂၀၀၂ ခုနှစ်တွင် M.Y Communication Network System Engineering And Software Department ကို MICT Park တွင် ထူထောင်ခဲ့ပြီး ၂၀၁၀ ခုနှစ်တွင် Gold Cement For Cement Related Investments And Engineering Services ကို တည်ထောင်ခဲ့သည်။

၂၀၁၂ ခုနှစ်တွင် ကမ္ဘောဇ ဘိလပ်မြေစက်ရုံ KBZI ၏ ရှယ်ယာရှင်ဖြစ်လာပြီး ၂၀၁၄ ခုနှစ်တွင် စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီပူးပေါင်း၍ ကျောက်ဆည် ဆင်မင်းဘိလပ်မြေစက်ရုံ အတွက်ပူးပေါင်းဆောင်ရွက်မှု လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။

၂၀၁၅ ခုနှစ်တွင် Lafarge Myanmar Services Limited ၏ ရှယ်ယာရှင်ဖြစ်လာပြီး ၂၀၁၆ ခုနှစ်တွင် Hong Bao Restaurant Myaing Hay Wun (MHW Branch)၏ ရှယ်ယာရှင်ဖြစ်လာခဲ့သည်။

အဆိုပါကုမ္ပဏီ၏ သတင်းထုတ်ပြန် ဖော်ပြမှုများအရ ပြင်သစ် Lafarge ကုမ္ပဏီ၊ တရုတ်ကုမ္ပဏီများ အပါအဝင် ပြည်ပ ကုမ္ပဏီများနှင့် ပူးတွဲ၍ စီးပွားရေးလုပ်ဆောင်နေပြီး DEC အပြင် Nanjing C-Hope Cement Engineer Group Co., Ltd၊ Kiasma Group Srl၊ Sinoma Technical Service Co., Ltd. (China)၊ Simona International Engineering Co., Ltd. (TCDRI) ၊Tianjin Cement Industry Design & Research Institute (China) တို့နှင့်လည်း ပုူးပေါင်းဆောင်ရွက်မှုများလုပ်ဆောင်လျက်ရှိသည်။

အစိုးရထံတွင် တရားဝင်မှတ်ပုံတင်ထားမှုများအရ M.Y Industrial Ingredients company တွင် အောင်ပြည့်ရဲထွဋ်၊ ချောပြည့်ရဲထွဋ်၊ ဥမ္မာမြင့်၊ ရဲမြင့်တို့က ကုမ္ပဏီ၏ တာဝန်ရှိသူများအဖြစ် ပါဝင်နေသည်။

M.Y Holding က ဆောင်ရွက်နေသည့် ဆီဆိုင်မြို့နယ်မှ ရေအားလျှပ်စစ်စီမံကိန်း

M.Y Holding သည် ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင် မြို့နယ်၊ နောင်ထောဝ် ကျေးရွာရှိ နမ့်ပွန်ချောင်းနှင့် နမ့်ဟန်ချောင်းတွင် အသေးစား ရေအားလျှပ်စစ် ၃၀ မီဂါဝပ်(30 MW) ထုတ်လုပ်ရန် နားလည်မှု စာချွန်လွှာ ရေးထိုးပြီး လုပ်ငန်း ဆက်လက်ဆောင်ရွက်နေသည်။

၂၀၁၉ ခုနှစ် ဇူလိုင်လ ၉ ရက်နေ့ ရှမ်းပြည်နယ်အစိုးရနှင့် မိုင်းတုံတမန်ကုမ္ပဏီလီမိတက်၊ M.Y Holding Co.,Ltd တို့ နားလည် မှု စာချွန်လွှာ (MoU) လက်မှတ် ရေးထိုးခဲ့ကြသည်။

ရှမ်းပြည်နယ်အစိုးရ၏ လူမှုကွန်ရက်စာမျက်နှာနှင့် Website တွင် ယင်းသတင်းကို ဖော်ပြထားပြီး M.Y Holding ကုမ္ပဏီဥက္ကဋ္ဌ ဦးရဲထွဋ်က မြေဧက ၃၈ ရယူ၍ ရေအားလျှပ်စစ်ကို Run off River Type ဖြင့် လျှပ်စစ်ထုတ်လုပ်မည်ဖြစ်ကြောင်း ပြောဆိုထားသည်။

အဆိုပါ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးပြီးနောက် သတင်းမီဒီယာများသို့ စီမံကိန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောဆိုရာတွင် M.Y Holding ကုမ္ပဏီဥက္ကဋ္ဌ ဦးရဲထွဋ်က ရှမ်းပြည်နယ်တောင်ပိုင်း KBZ ဘိလပ်မြေစက်ရုံတွင် M.Y Holding ကုမ္ပဏီက ရင်းနှီးမြုှပ်နှံထားကြောင်း၊ သို့ရာတွင် လျှပ်စစ်မီး အဆင်မပြေကြောင်း၊ ရှမ်းပြည်နယ်တွင် လျှပ်စစ်လိုအပ်ချက်ရှိနေပြီး ပအို့ဝ်ဒေသမှ ရေအရင်းအမြစ်ကိုသုံး၍ လျှပ်စစ်ထုတ်ရန် ရှမ်းပြည်နယ်အစိုးရကို မေတ္တာရပ်ခံခဲ့ကြောင်း၊ ၂၀၁၈ ခုနှစ်နိုဝင်ဘာလတွင် တရုတ်ကုမ္ပဏီနှင့်အတူလက်တွဲ၍ ပူးပေါင်းဆာဗေးဆင်းခဲ့ပြီး နမ့်ဟန်ချောင်းပေါ်တွင် ရေအားလျှပ်စစ်ထုတ်နိုင်သည်ကို တွေ့ရှိခဲ့ရကြောင်း၊ အဆိုပါ ရေအားလျှပ်စစ်စီမံကိန်းသည် မဂ္ဂါဝပ် ၄၀ နှင့် ၅၀ အကြား ထုတ်နိုင်မည်ဖြစ်ကြောင်း၊ သဘာ၀ ပတ်ဝန်းကျင် ထိခိုက်မှု အနည်းဆုံး ရှိမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ထို့ပြင် ရေအား အသုံးပြု ထုတ်လုပ်သွားမည် ဖြစ်ပြီး ထွက်ရှိ လာသော လျှပ်စစ်ဓါတ်အား ၃၀ မီဂါ ဝပ်ကို နိုင်ငံတော်သို့ ရောင်းချသွားမည်ဖြစ်ကြောင်း၊ လက်မှတ်ရေးထိုးပြီး ၂ လအတွင်း စတင် ဆောင်ရွက်သွားမည်ဖြစ်ကာ လုပ်ငန်း ဆောင်ရွက်နေစဉ် ၁၂ လ အတွင်း ဖြစ်နိုင်ခြေ လေ့လာမှု အစီ ရင်ခံစာ၊ ပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်ချက် (EIA)၊ ဒေသခံပြည်သူ များ၏ ကျန်းမာရေး၊ စီးပွားရေးတို့အ ပေါ် ထိခိုက်မှု ဆန်းစစ်လေ့လာချက် (SIA)၊ ပတ်ဝန်းကျင်ဆိုင်ရာ အုပ် ချုပ်လုပ်ကိုင်မှု စီမံချက် (EMP) နှင့် အဆိုပြုလွှာ အနှစ်ချုပ်တို့ကို သက်ဆိုင်ရာ ပြည်ထောင်စု ဝန်ကြီးဌာနသို့ တင်ပြရမည်ဖြစ်ကြောင်း သိရှိရသည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနက M.Y Holding ထံသို့ စီမံကိန်းနှင့်ပတ်သက်၍ အသေးစိတ် ထပ်မံ မေးမြန်းရန် ဆက်သွယ်သော်လည်း ကုမ္ပဏီဘက်က ပြန်လည် ဆက်သွယ်မည်ဟုသာ ပြောဆိုပြီး ထပ်မံ ဆက်သွယ်ခြင်းမရှိပေ။

ဆီဆိုင်မြို့နယ် မဲဆန္ဒနယ် အမှတ် ၁ မှ ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးခွန်လှသိန်းကမူ ရေအားလျှပ်စစ်စီမံကိန်းကို M.Y Holding ကုမ္ပဏီက ဆောင်ရွက်မှာ မှန်ကန်ကြောင်း၊ M.Y Holding နှင့် ပူးတွဲဆောင်ရွက်မည့် တရုတ် DEC ကုမ္ပဏီနှင့်ပတ်သက်၍ မသိရှိကြောင်း၊ M.Y Holding က တရုတ် DEC နှင့်ပူးတွဲ၍ ကျောက်မီးသွေးနှင့် ရေအားလျှပ်စစ်ထုတ်လုပ်ရေး ပူးပေါင်း ဆောင်ရွက်နေသည်ကို လည်း မသိရှိကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ဦးခွန်လှသိန်းသည် ရှမ်းပြည်နယ် လွှတ်တော် သယံဇာတနှင့် သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်း ကာကွယ်ရေးနှင့် လျှပ်စစ်ရေးရာ ကော်မတီ၏ အဖွဲ့ဝင်တစ်ဦးလည်းဖြစ်သည်။

ဦးခွန်လှသိန်းက “စီမံကိန်းကတော့ MoU အဆင့်ပဲရှိသေးတယ်။ EIA ၊ SIA ဆောင်ရွက်ဖို့ တင်ပြထားတဲ့ အနေအထားပေါ့။ အကျိုးကျေးဇူးကလည်း အမှန်ကတယ် စီမံကိန်းဆောင်ရွက်မှ ညှိနှိုင်းရမယ့် သဘောပေါ့။ ရှမ်းအစိုးရနဲ့ MoU ထိုးထားတဲ့အတွက် ကျနော်တို့အနေနဲ့ ဘာမှ ပြောလို့မရသေးဘူး။ အခုက လေ့လာဆဲပဲရှိပြီးတော့ ဘာမှတော့ မဆွေးနွေးရသေးဘူး” ဟု ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

KHIT THIT MEDIA