位于仰光附近的一个自然区域

更多精采内容请下载官方APP: 苹果(iPhone)、安卓(Android)安卓国内下载(APK)
နီးလျက်ဝေးတဲ့ ရန်ကုန်က သဘာဝနယ်မြေလေး
တဘူးလှဆည်ထိပ်မြင်ကွင်း။  မြတ်မိုးအောင်/မြန်မာတိုင်း(မ်)
ရန်ကုန် – တိုက်ကြီး လမ်းမပေါ်တရိပ်ရိပ်ပြေးနေတဲ့ကားပေါ်မှာ လိုက်ပါရင်း ခံစားရတဲ့ ရာသီဥတုက မြို့ပြရဲ့ရာသီဥတုနဲ့ ဆန့်ကျင်ဘက်ဖြစ်နေပါတယ်။ ကားမှန်တံခါးကို တင်မရတာကြောင့် လေအေးတွေက ကားထဲကို တစ်ဝုန်းဝုန်း ဝင််လာပြီး အေးစိမ့်စိမ့်ဖြစ်လာပါတယ်။  အချိန်က နံနက် ၅ နာရီခွဲ ဝန်းကျင်ဖြစ်ပါတယ်။

ဒီခရီးရဲ့ရည်ရွယ်ချက်ကတော့ ရန်ကုန်တိုင်းဒေသကြီး သစ်တောဦးစီးဌာနရဲ့ တိုက်ကြီးမြို့နယ်၊ ပဲခူးရိုးမပေါ်မှာ စိုက်ပျိုးထားတဲ့ ကျွန်းစိုက်ခင်းတွေကို လေ့လာဖို့ပါ။

နံနက်ခင်း နေရောင်ခြည်ဖြာကျလာတာနဲ့အတူ ပတ်ဝန်းကျင်တစ်ခုလုံးက အလင်းဘက်ကို ကူးပြောင်းလာခဲ့ပါတယ်။ အချိန်ကစောနေသေးတော့ ရန်ကုန်-တိုက်ကြီး လမ်းမကြီးပေါ်မှာ မော်တော်ကားတွေရဲ့ အသံတွေကလည်း အရမ်းကြီးဆူညံမနေသေးပါဘူး။ ဒါပေမဲ့ ရန်ကုန်အပြင်ဘက်က နွေဦးရာသီက မြူခိုးမြူငွေ့တွေနဲ့ တစ်မျိုးလှပနေပါတယ်။

ရန်ကုန်ကနေ တိုက်ကြီးကို သုံးနာရီကျော်ကြာ ကားလမ်းခရီးသွားရပါတယ်။ ကတ္တရာလမ်းဆုံးတာနဲ့ ပဲခူးရိုးမကို ရောက်ဖို့အတွက် ကြမ်းတမ်းပြီး ဖုန်ထူလှတဲ့ ၁၉ မိုင်ခရီးတစ်ခုက ဆီးကြိုနေပါတယ်။

အဲဒီလမ်းက တိုက်ကြီးမြို့ကနေ ပဲခူးရိုးမနဲ့ တဘူးလှဆည်တည်ရှိတဲ့နေရာကို ဖောက်လုပ်ထားတဲ့ ဥက္ကံ တဘူးလှလမ်းဖြစ်ပါတယ်။

ကတ္တရာလမ်းတစ်လျှောက်က အေးစိမ့်စိမ့်ရာသီဥတုနဲ့ သာယာတဲ့မြင်ကွင်းတွေပဲ မြင်တွေ့ခဲ့ရတာကြောင့်  ကတ္တရာလမ်းလွန်တဲ့အခါ  လမ်းပေါ်မှာ ဖုန်တလိပ်လိပ်နဲ့ ကြမ်းတမ်းလှတဲ့ လမ်းပေါ်မှာကားစီးရမယ်ဆိုတာ တွေးတောင် မတွေးမိခဲ့ပါဘူး။

ကားက မြေသားလမ်းပေါ်မှာ စမောင်းရပါတယ်။ တိုက်ကြီး တဘူးလှဆည်လမ်းက အကြမ်းထည် ပကတိမြေသားလမ်း သာသာပဲရှိပါသေးတယ်။ လမ်းကြမ်းလှပြီး တောလမ်းထဲမှာ ပင်ပင်ပန်းပန်းကားစီးရတော့ ရန်ကုန်တိုင်းဒေသကြီးထဲမှာပဲ ရှိနေသေးတယ်လို့တောင် မထင်တော့ဘဲ အလှမ်းဝေးတဲ့ ဒေသတစ်ခုထဲ ရောက်နေတယ်လို့ ထင်နေမိပါတယ်။

ကားမှန်ပြတင်းပေါက်ကနေတစ်ဆင့် ဖုန်မှုန့်တွေ တဖြည်းဖြည်း ဝင်ရောက်လာပြီး နောက်ဆုံးတော့ ဖုံးလို့အုပ်လို့မနိုင်အောင်ထိ ဒလဟောဝင်လာတဲ့ ဖုန်မှုန်တွေကြောင့် ကျောပိုးအိတ်တွေ၊ ဆံပင်တွေနဲ့ လူတစ်ကိုယ်လုံးလည်း ဖုန်အလိမ်းလိမ်းဖြစ်သွားပါတယ်။

ဖုန်တွေကြောင့် စာရေးသူတို့စီးတဲ့ ကားရဲ့ ၁ဝ ပေအကွာက လိုက်မောင်းလာတဲ့ ကားကိုတောင်  လှမ်းမမြင်နိုင်ပါဘူး။ လမ်းကလည်းကုန်းနိမ့်၊ ကုန်းမြင့်၊ အဆင့်အကွေ့တွေနဲ့မို့ ကားထဲမှာ တလူးလူးတလိမ့်လိမ့် စီးနင်းလိုက်ပါခဲ့ရပါတယ်။

တစ်ခါတလေ ကားဘေးနားက ဆိုင်ကယ်တွေဖြတ်မောင်းလာတာတောင် မမြင်ရတော့ဘဲ လမ်းတစ်ခုလုံး အမှုန်အမွှားတွေနဲ့ အသွားအပြန် နှစ်နာရီကျော်လောက် ကားမောင်းသွားရတဲ့ ခရီးကြမ်းဖြစ်ပါတယ်။

ခြောက်သွေ့တဲ့ရာသီမှာ ဖုန်ထူလှတဲ့ ဒီလမ်းမကြီးက မိုးရာသီဆိုရင်တော့ ရွှံ့တွေက ဒူးဆစ်ထိ နက်တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

တဘူးလှဆည်ကိုမရောက်ခင် ဆည်ထိပ်မှာတည်ရှိတဲ့ တမံ (၁) ရွာမှာ ခဏရပ်ပြီး အနားယူနိုင်ပါတယ်။ စိတ်ဝင်စားရင်တော့ တမံ (၁) ကျေးရွာအကြောင်းကိုလည်း လေ့လာလို့ရနိုင်ပါတယ်။ ရွာက အိမ်ခြေ ၁ဝဝ လောက်ပဲရှိပြီး ဖွံ့ဖြိုးမှုအလွန်နည်းပါးလှတဲ့ ကုန်းမြင့်ရွာလေးတစ်ရွာ ဖြစ်ပါတယ်။

တမံ (၁) ရွာကို ဆည်ဆောက်တဲ့လုပ်ငန်းမှာ လုပ်ကိုင်ခဲ့ကြတဲ့ အနယ်နယ်အရပ်ရပ်ကလူတွေက အခြေချနေထိုင်ရင်း တည်ထောင်ခဲ့ကြတာဖြစ်ပါတယ်။

အိမ်ခြေ ၈၈ လုံးပဲရှိတဲ့ တမံ (၁) ရွာနေရာကို ၂ဝ၁၅ ခုနှစ်၊ ဧပြီလမှာ သစ်တောကြိုးဝိုင်းထဲကနေ ပယ်ဖျက်ပေးခဲ့ပြီး ၂ဝ၁၇ ခုနှစ်၊ အောက်တိုဘာလမှာတော့ ပြည်ထဲရေးအမည်ပေါက်ခဲ့ပါတယ်။ လက်ရှိမှာတော့ တမံ (၁) ကျေးရွာနာမည်နဲ့တရားဝင် တည်ရှိနေပါတယ်။

လက်ရှိမှာ ဘုန်းကြီးကျောင်းနဲ့ အခြေခံပညာမူလတန်း စာသင်ကျောင်းတည်ဆောက်ထားပါတယ်။ မူလတန်းကျောင်းမှာ ကျောင်းသားဦးရေ ၁ဝ၄ ဦးကို ပညာသင်ကြားပေးနေပါတယ်။ ဒါပေမဲ့ ဖွံ့ဖြိုးတိုးတက်မှုနောက်ကျနေတဲ့ တမံ (၁) ရွာက ဒေသခံတွေအတွက် အခြေခံလိုအပ်ချက်တွေက ရှိနေဆဲဖြစ်ပါတယ်။

ကျွန်းစိုက်ခင်းများကြားမှ တောင်တက်ခရီးလမ်း။  မြတ်မိုးအောင်/မြန်မာတိုင်း(မ်)

၂ဝ၁၈ မှာ နိုင်ငံတော်က တမံ (၁) ကျေးရွာမှာ အမက ကျောင်းတစ်ကျောင်းချပေးတယ်။  ဒါပေမဲ့ ဆေးပေးခန်း၊ ကုန်းမြင့်ဒေသဖြစ်တဲ့အတွက် ရေအခက်အခဲတွေရှိနေပါတယ်လို့ ရွာသားတွေက ပြောပါတယ်။

တမံ (၁) ရွာသူ၊ ရွာသားတွေအများစုက တဘူးလှဆည်နဲ့ ပဲခူးရိုးမကို အဓိက မှီခိုလုပ်ကိုင်စားသောက်ကြပါတယ်။ လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး ကုန်းမြင့်ဒေသဖြစ်တာမို့ စိုက်ပျိုးလုပ်ကိုင်ဖို့ခက်ခဲပါတယ်။ ဒါပေမဲ့ ဆည်ထဲမှာပဲ ရေလုပ်ငန်းကို အဓိကလုပ်ကိုင်ပြီး အသက်မွေးကြပါတယ်။

ကျန်းမာရေးအတွက်လည်း အတော်ခက်ခဲပြီး မိုးရာသီဆိုရင် ဗွက်များတဲ့နေရာမှာ လူနာကို ပုခက်နဲ့ထမ်းပြီးတော့မှ သွားရတာရှိတာမို့ လမ်းလေးကောင်းလာရင်တော့ ကျန်းမာရေး၊ ပညာရေးမှာ ပိုပြီးလက်လှမ်းမီလာနိုင်တယ်လို့ ရွာသူရွာသားတွေက ပြောပါတယ်။

အခုဆိုရင် ဥက္ကံ တဘူးလှဆည်လမ်းကို ပြုပြင်မွမ်းမံဖို့အတွက် ကျပ်သန်းပေါင်း ၄,၂ဝဝ ကိုရရှိထားပြီး မိုးရာသီမှာလည်း သွားလာရလွယ်ကူမယ့် လမ်းဖြစ်အောင် ပြုပြင်သွားဖို့ရှိတယ်လို့ တိုက်ကြီးမြို့နယ် အမှတ် ၂ မဲဆန္ဒနယ်မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလွင်စိုးမင်းက ပြောပါတယ်။

တမံ (၁) ရွာအထိ ကြမ်းတမ်းတဲ့လမ်းကို ကျော်လွန်ခဲ့ပြီဆိုရင်တော့ သာယာလှပတဲ့ တဘူးလှဆည်ကြီးက ကြိုဆိုနေပါတယ်။

ဆည်ထိပ်ကနေ ကျွန်းစိုက်ခင်းကို ရောက်ဖို့အတွက် စက်လှေ ၄၅ မိနစ်စီးရပါတယ်။ ကျယ်ပြန့်လှတဲ့ ဆည်ရေပြင်ထဲမှာ ရေကလည်းစိမ်းညို့နေပြီး ကောင်းကင်ကလည်း ပြာလွင်နေပါတယ်။

နေအပူရှိန်က တရိပ်ရိပ်တိုးမြင့်လာပေမဲ့လည်း ဆည်ထဲကကျွန်းစုလေးတွေကို တစ်ကျွန်းပြီး တစ်ကျွန်းဖြတ်မောင်းသွားရတာက စိတ်ကျေနပ်စရာကောင်းပါတယ်။

ရေထဲက  ကြာပင်ကြာပွင့်တွေနဲ့ တစ်တောလုံးနီးပါး ပန်းခရမ်းရောင်သန်းနေတဲ့ မီးကျောင်းနွယ် (ကြက်တက်နွယ်လို့လည်းခေါ်ဝေါ်) ပန်းလေးတွေကလည်း ဆည်ကို လာရောက်လည်ပတ်သူတွေ ကို ဆွဲဆောင်လှပါတယ်။

ဆည်တစ်ဖက်ကမ်းကို ရောက်ပြီးတဲ့အခါမှာတော့ ၁၅ မိနစ်လောက် တောလမ်းခရီးလျှောက်ရပါတယ်။ ကျွန်းပင်တွေ စိုက်ထားတဲ့ ကုန်းမြင့်လေးတွေကနေတစ်ဆင့် သစ်တောဦးစီးဌာနက တည်ထောင်ထားတဲ့ စီးပွားဖြစ်ကျွန်းစိုက်ခင်းတည်ရှိတဲ့ သစ်တောစခန်းကို လမ်းလျှောက်ရပါတယ်။ စခန်းထဲမှာ ခဏအနားယူအပန်းဖြေပြီးရင်တော့ စိုက်ခင်းတွေကို အပေါ်စီးကနေ ကြည့်ရှုနိုင်မယ့် တောင်ပေါ်ကိုတက်ရပါတယ်။

တောတောင်ခရီးကို ပုံမှန်တက်နေသူမဟုတ်တော့ တောင်ကုန်းတွေက သိပ်မမြင့်လှပေမဲ့ တောင်ကုန်းနှစ်ခုတက်လိုက်တာ မောဟိုက်သွားပါတယ်။ ဒါပေမဲ့ တောင်ကုန်းပေါ်ကနေ လှမ်းမြင်လိုက်ရတဲ့ မြင်ကွင်းတွေနဲ့ လေအေးတွေကြောင့် ချက်ချင်းကို အမောပြေစေတော့တာပါပဲ။

သစ်ရွက်ကြွေချိန်ဆိုတော့ စိုက်ထားတဲ့ ကျွန်းပင်တွေကလည်း အရွက်စကြွေနေကြပါပြီ။ တောတောင်တစ်ခုလုံးလည်း ခြောက်သွေ့နေပါတယ်။ ဒါပေမဲ့ ထွက်သစ်စပြုနေတဲ့ ကျွန်းပင်ပျိုလေးတွေနဲ့ သဘာဝအလှတွေကတော့ မြင်ရသူအဖို့ စိတ်ကြည်နူးစေပါတယ်။

ရန်ကုန်မှာ နိစ္စဒူဝလုပ်ငန်းတွေနဲ့ မွန်းကျပ်လှပြီဆိုရင်တော့ ရန်ကုန်ပြင်ပ နယ်မြို့ကလေးတွေဆီကို ခရီးထွက်ပစ်တာအကောင်းဆုံးပါပဲ။ အခုလည်း တဘူးလှဆည်ကြီးက လည်ပတ်စရာကောင်းပြီး လျှို့ဝှက်တဲ့ သဘာဝနယ်မြေလေးတစ်ခုဆိုရင် မမှားပါဘူး။

လူသူအရောက်အပေါက်နည်းပြီး ခက်ခဲတဲ့ခရီးမှ သွားချင်တယ်ဆိုသူတွေအတွက်ကတော့ ဥက္ကံတဘူးလှဆည်ကို သွားရတဲ့ခရီးက အသစ်အဆန်းဖြစ်စေမှာဖြစ်ပါတယ်။ ၁၉ မိုင်လမ်းက သာယာဖြောင့်ဖြူးသွားပြီဆိုရင်တော့ ဒီဒေသက ရန်ကုန်နဲ့အနီးဆုံး သဘာဝတောတောင်ထဲ လည်ပတ်ခွင့်ရနိုင်မယ့် နေရာတစ်ခုတောင်ဖြစ်လာနိုင်ပါတယ်။

စာရေးသူကတော့ ဖုန်ထူတဲ့ လမ်းကြမ်းခရီးမှာ ကားစီးခဲ့ရတာ၊ ဆည်ရေအေးအေးထဲ လှေစီးခဲ့ရတာနဲ့ တောတောင်ထဲ လမ်းလျှောက်ပြီး တောင်တက်ခဲ့ရတာတွေကို တစ်ရက်တည်းအပြီး လုပ်နိုင်ခဲ့တာမို့ ပင်ပန်းပေမဲ့ ကျေနပ်မဆုံးဖြစ်ခဲ့တဲ့ ခရီးစဉ်တစ်ခုဖြစ်ခဲ့ပါတယ်။

FROM : MYANMAR TIMES