预计新加坡在缅甸的投资将增加

更多精采内容请下载官方APP: 苹果(iPhone)、安卓(Android)安卓国内下载(APK)

မြန်မာနိုင်ငံသို့ စင်ကာပူနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ဝင်ရောက်ရန်ရှိ

မြန်မာနိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ အနက် ထိပ်ဆုံး၌ ရပ်တည်နေသော စင်ကာပူနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ဝင်ရောက်ရန်ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်၏ ပြောကြားချက်အရ သိရသည်။

“ကျွန်တော်တို့နိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုကို စင်ကာပူ နဲ့ ဆောင်ရွက်နေတာ နှစ်စဉ်တိုးတက်လာပါတယ်။ ပြည်ထောင်စုဝန်ကြီးပြောတဲ့ မိန့်ခွန်းမှာလည်း ပါပါတယ်။ စင်ကာပူနဲ့ မြန်မာ ရင်းနှီးမြှုပ်နှံမှု သဘောတူညီချက် စာချုပ်တွေ ထပ်ပြီးချုပ်ဖို့လည်း ရှိပါတယ်” ဟု ညွှန်ကြားရေးမှူးချုပ်က ပြောသည်။

စင်ကာပူအနေဖြင့် မြန်မာနိုင်ငံတွင် ဆိုလာမှ တစ်ဆင့် စွမ်းအင်ထုတ်လုပ်သည့်လုပ်ငန်း၊ ဘဏ် ဝန်ဆောင်မှုပိုင်းဆိုင်ရာလုပ်ငန်းများ လုပ်ဆောင်ရန် ပြောကြားထားသည့်အပြင် ရင်းနှီးမြှုပ်နှံမှု ဆောင် ရွက်ရာတွင် လိုအပ်သည့် နည်းပညာပိုင်းကို ကူညီ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ အရင်က ချထားတဲ့ Bilateral Investment Agreement တွေ ရှိပါတယ်။ အဲဒီဟာ တွေကို ဆက်လက် အကောင်အထည်ဖော်သွားမှာပါ။ ပူးပေါင်းဆောင်ရွက်မှုအပိုင်းမှာ Housing တွေ၊ Bank Development တွေ၊ Industrial Park တွေ၊ အခြား စင်ကာပူဘက်က Offer ပေးထားတာတွေ ရှိသလို ကျွန်တော်တို့ဘက်က လိုအပ်တဲ့အချက်တွေ လည်း ရှိပါတယ်။ အထူးသဖြင့် မူပိုင်ခွင့်ကိစ္စမျိုး တွေမှာ စင်ကာပူဘက်က နည်းပညာပိုင်းအရ ကူညီ ပေးမယ်လို့ ကျွန်တော်တို့နဲ့ သဘောတူထားတာ ရှိပါတယ်။ ဒီအပိုင်းတွေကို ပြန်လည်ဖော်ပြပြီးတော့ ဆွေးနွေးသွားမှာဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံ စင်ကာပူသံရုံး၏ ကူညီထောက်ပံ့မှု ဖြင့် Singapore Association of Myanmar(SAM) နှင့် Singapore Institute of International Affairs (SIIA)တို့ ပူးပေါင်း၍ မြန်မာ-စင်ကာပူ စီးပွားရေး ဆိုင်ရာ ထိပ်သီးတွေ့ဆုံပွဲ(၂၀၁၉)ကို နိုဝင်ဘာ ၁၄ ရက်က Novotel Yangon Max ၌ ကျင်းပခဲ့ရာ ယင်း တွေ့ဆုံပွဲတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တိုးတက်ရန် အတွက် လက်ရှိဆောင်ရွက်နေမှုများကို ရှင်းပြခဲ့ ကြောင်း သိရသည်။
“ကျွန်တော်တို့အနေနဲ့ကတော့ ရင်းနှီးမြှုပ်နှံမှု နဲ့ပတ်သက်လို့ အားသွန်ခွန်စိုက် ဆောင်ရွက်နေ ပါတယ်။ ဒါပေမယ့် တချို့ရင်းနှီးမြှုပ်နှံတဲ့သူတွေ တော်တော်များများက အခြားပြည်ပသတင်းဌာန တွေရဲ့ ရေးသားချက်ကိုပဲ သိရပါတယ်။ ဒါကြောင့် ရင်းနှီးမြှုပ်နှံတဲ့သူတွေက မြန်မာပြည်မှာ လာပြီး လေ့လာတာဖြစ်ပါတယ်။ ဒီလိုအချိန်မှာ ကျွန်တော်တို့ တိုင်းပြည်ရဲ့ ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေ၊ ဥပဒေ တွေရဲ့ ခိုင်မာမှုတွေ၊ ရင်းနှီးမြှုပ်နှံမှု တိုးတက်စေဖို့ ဆောင်ရွက်နေမှုတွေ၊ အထူးသဖြင့် စင်ကာပူနဲ့ ပတ် သက်ပြီး ဆောင်ရွက်နေမှုတွေကို ကျွန်တော်တို့က ရှင်းပြပါတယ်” ဟု ညွှန်ကြားရေးမှူးချုပ်က ထပ်မံ ပြောကြားသည်။

လက်ရှိတွင် မြန်မာနိုင်ငံသို့ လာရောက် ရင်းနှီး မြှုပ်နှံသည့် နိုင်ငံပေါင်း ၅၀ ရှိသည့်အနက် ဂျပန် နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုသည် ထိပ်ဆုံးတွင်ရှိနေပြီး ၁၉၈၈ ခုနှစ်မှ ၂၀၁၉ ခုနှစ် စက်တင်ဘာလကုန်အထိ လုပ်ငန်းပေါင်း ၃၁၄ ခု ရင်းနှီးမြှုပ်နှံထားကာ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂၂ ဘီလီယံကျော်ရှိကြောင်း သိရသည်။

From: Myanmaalin