你去Kyaiktiyo仅仅是为了朝圣之旅吗?

ကျိုက်ထီးရိုးတောင်အောက်တွင်ရှိသော ရေတံခွန်။ မြတ်မိုးအောင်/မြန်မာတိုင်း(မ်)
မိုးနံ့ကလည်းမပျောက်သေး၊ ဆောင်းသရုပ်လည်း မပီပြင်သေးပေမဲ့ တောင်ခိုးတောင်ငွေ့တွေကြောင့် ပတ်ဝန်းကျင်တစ်ခုလုံး မှုန်မှိုင်းအုံ့ဆိုင်းနေပါတယ်။

ဒါပေမဲ့ ကျိုက်ထီးရိုးစေတီတော်ရင်ပြင်ပေါ်မှာတော့ ဘုရားဖူးဧည့်သည်တွေက ဝေလီဝေလင်း မနက်ခင်းကတည်းက လှုပ်လှုပ်ရွရွဖြစ်နေကြပါပြီ။

ရန်ကုန်မှာဆို မနက်မိုးလင်းတာနဲ့ အပူငွေ့ကြောင့် ချွေးတစို့စို့ဖြစ်ရပေမဲ့ ကျိုက်ထီးရိုးမှာတော့ အအေးဓာတ်ကြောင့် အပေါ်ကတစ်ထည်တောင်ထပ်ပြီး ဝတ်ထားခဲ့ရပါတယ်။

အလုပ်နားရက်မှာ အချိန်လုပြီးသွားရတာမို့ ရန်ကုန်နဲ့လည်းမဝေးလှ၊ ဘုရားဖူးရင်း တောတောင်သဘာဝအလှတရားတွေထဲမှာ အပန်းဖြေအနားယူဖို့ တစ်ညအိပ်၊ နှစ်ရက်ခရီးနဲ့တင် လုံလောက်တဲ့ ကျိုက်ထီးရိုးခရီးစဉ်ကတော့ အသင့်တော်ဆုံးလို့ ဆုံးဖြတ်ခဲ့ပါတယ်။

ည ၉ နာရီလောက်မှာ ရန်ကုန်က စထွက်လာတဲ့ကားက နောက်နေ့ မနက်စောစော ၃ နာရီလောက်အချိန်မှာ ကင်မွန်းစခန်းကို ရောက်နေပါပြီ။ အဲဒီခရီးသွားလုပ်ငန်းက စီစဉ်ပေးထားတဲ့စားသောက်ဆိုင်နဲ့တွဲလျက် တည်းခိုဆောင်တစ်ခုမှာ အနားယူအိပ်စက်ပြီး မနက်စောစော တောင်ပေါ်တက်မယ့်ကားတွေကို စောင့်ဆိုင်းရပါတယ်။ ကင်မွန်းစခန်းက တည်းခိုဆောင်တွေက တမျိုးထူးခြားပါတယ်။

အများပြည်သူနားနေမယ့် ဟောခန်းမှာတော့ အခကြေးငွေပေးစရာ မလိုပါဘူး။ ဒါပေမဲ့ သီးသန့်အခန်းယူမယ်ဆိုရင်တော့ အခကြေးငွေပေးရပါတယ်။

ဒါပြင် စောင်၊ ခေါင်းအုံး၊ ခြင်ထောင်တွေကိုလည်း အခပေးပြီးငှားသုံးလို့ရပါတယ်။ ခြေလက်ဆေးကြော၊ မျက်နှာသစ်၊ အပေါ့သွားတဲ့အခါမှာလည်း အခမဲ့ပါပဲ။ ဒါပေမဲ့ ရေချိုးပြီး အလေးသွားမယ်ဆိုရင်တော့ တစ်ယောက်ကို ကျပ်တစ်ရာကနေ အမျိုးအစားခွဲပြီး သုံးလေးရာလောက်ထိ ဈေးနှုန်းတွေ ကပ်ထားပါတယ်။

မနက်မိုးလင်းစပြုပြီဆိုတာနဲ့ အစောဆုံးတောင်တက်မယ့်သူတွေနဲ့အတူ စားသောက်ဆိုင်ဝန်ထမ်းတွေကလည်း တရုန်းရုန်းနဲ့သက်ဝင်လှုပ်ရှားလာကြပါတယ်။ တည်းခိုတဲ့ ဘုရားဖူးဧည့်သည်တိုင်းကိုလည်း ဘာမှာမလဲဆိုပြီး လိုက်မေးပါတော့တယ်။ မြန်မာပီပီ အားနာတတ်တဲ့အကျင့်ကြောင့် မြန်မာထမင်းကြော်ကိုကြက်ဥမွှေကြော်နဲ့မှာ လိုက်ပါတယ်။

ပိုက်ဆံရှင်းတဲ့အချိန်မှာတော့ ကြက်ဥမွှေကြော်နဲ့ထမင်းကြော်တစ်ပွဲကို ကျပ် ၂,၅၀ဝ ပေးခဲ့ရတာကြောင့် အောင့်သက်သက်ဖြစ်သွားပါတယ်။

ဒါပေမဲ့ အခမဲ့တည်းခိုခဲ့ရတာကိုပဲ အကောင်းမြင်စိတ်နဲ့သက်ပြင်းချပြီး တောင်တက်ကားဆီသို့ ခြေဦးလှည့်ခဲ့ကြပါတယ်။ တောက်အောက်မှာတောင် ဒီလောက်များနေတဲ့ဈေးနှုန်းတွေက တောင်ပေါ်မှာဆိုရင်တော့ အသည်းထိတ်စရာပဲလို့တွေးကြောက်မိပါသေးတယ်။

တောင်တက်ကားက ရှေ့ခန်းမှာဆိုရင် တစ်ဦးကို ကျပ် ၂,၅၀ဝ နဲ့ နောက်ခန်းကဆိုရင် တစ်ဦးကို ကျပ် ၂,ဝ၀ဝ စီပေးရပါတယ်။ တောတောင်သဘာဝအလှလည်းကြည့်ရင်း၊ သဘာဝလေကိုရှူရှိုက်မယ်ဆိုတဲ့ အတွေးနဲ့ နောက်ခန်းကိုရွေးစီးခဲ့ပါတယ်။

ကင်မွန်းစခန်းကနေ တောင်တက်ကားစထွက်ပြီဆိုတာနဲ့ အမြန်နှုန်းကြောက်တတ်တာကြောင့် သတိထားပြီး အသက်ပြင်းပြင်းရှူရင်း ကား ခေါ်ဆောင်ရာဆီသို့ ဒရောသောပါး ပါသွားတော့တာပါပဲ။ ရှေ့ခုံကို တင်းတင်းဆုပ်ကိုင်ထားရင်း စိတ်ထဲမှာလည်း ရိုလာကိုစတာစီးနေရသလို ထင်မိပါတယ်။

အကွေ့အကောက် အတက်အဆင်းတွေမှာ ရင်တထိတ်ထိတ်နဲ့ လိုက်ပါရင်း နောက်တစ်ခါကျိုက်ထီးရိုးဘုရားဖူးဖို့ မလာတော့ဘူးလို့ တောင်တွေးလိုက်မိပါတယ်။

ဒါပေမဲ့ ဘေးမသီရန်မခဘဲ တောင်ပေါ်ရောက်သွားပြီဆိုရင်တော့ မြူခိုးတဝေဝေ၊ တိမ်အလိပ်လိပ်ကြားက ထိုးထွက်နေတဲ့ တောင်စဉ်တောင်တန်းတွေကို ကြည့်ရင်း ထပ်လာချင်စိတ်က တဖွားဖွားဖြစ်လာစမြဲပါပဲ။

တောင်ပေါ်ရောက်တာနဲ့ ရင်ပြင်တော်နဲ့ တည်းခိုခန်း၊ ဟိုတယ်တွေဆီ လိုက်ပို့ပေးမယ့်အထမ်းသမားတွေက သောင်းသောင်းဖြဖြကြိုဆိုနေကြပါတယ်။

အများသိကြတဲ့အတိုင်း ကျိုက်ထီးရိုးစေတီတော်က ကျိုက်ထိုမြို့နယ်မှာတည်ရှိပြီး အရှေ့ရိုးမနဲ့ ပေါင်းလောင်းတောင်ပေါ်မှာ တည်ရှိပါတယ်။ ဒါပေမဲ့ ကျိုက်ထီးရိုးစေတီကို အစွဲပြုပြီးတော့ ပေါင်းလောင်းတောင်ကို ကျိုက်ထီးရိုးတောင်လို့ ခေါ်ကြပြီး မြန်မာနိုင်ငံက တန်ခိုးကြီးစေတီတွေထဲက တစ်ဆူဖြစ်တာကြောင့် ဘုရားဖူးဧည့်သည်တွေနဲ့ အမြဲစည်ကားနေပါတယ်။

ဒီအပေါ်မှာမှီခိုပြီး စားဝတ်နေရေးဖြေရှင်းနေကြတဲ့ ဒေသခံတွေလည်း အများအပြားရှိပြီး သူတို့ဘဝတွေကလည်း စိတ်ဝင်စားစရာ ကောင်းလှပါတယ်။ ကျိုက်ထီရိုးဘုရားက ပင်လယ်ရေမျက်နှာပြင်အမြင့်ပေ ၃,ဝ၀ဝ ကျော်မှာတည်ရှိတာကြောင့် ရင်ပြင်တော်ကနေ မြင်ရတဲ့ ရှုမျှော်ခင်းတွေက လှပလွန်းပါတယ်။ ရင်ပြင်ပေါ်ကနေ စစ်တောင်းမြစ်ကို လှမ်းမြင်ရသလို တည်းခိုဆောင်အခန်းပြတင်းပေါက်ကနေ နေထွက်၊ နေဝင်ချိန်တွေမှာ မြူမကင်းတဲ့ အလှတွေနဲ့အစီအရီသွယ်တန်းနေတဲ့ တောင်ကြောတောင်တန်းတွေကလည်း ရှုမငြီးဖွယ်ရာပါပဲ။

ဆောင်နိုင်ကြီးတွင် အပန်းဖြေနေသူတစ်ဦး။ မြတ်မိုးအောင်/မြန်မာတိုင်း(မ်)

ကျိုက်ထီးရိုးစေတီတော်က မနက်ပိုင်းမှာ တစ်မျိုးသပ္ပာယ်နေသလို နေဝင်ဆည်းဆာ ညနေခင်းမှာလည်း သဘာဝလှတွေနဲ့အတူ သပ္ပာယ်လွန်းလှပါတယ်။ လျှပ်စစ်မီးရောင်အောက်မှာ ဝင်တိုးနေကြတဲ့ ပိုးဖလံ၊ လိပ်ပြာတွေကလည်း တလက်လက်နဲ့ အလှတစ်မျိုးဆောင်ပြီး စေတီတော်ကို သပ္ပာယ်စေပါတယ်။ ညနေဆည်းဆာမှာ မုဆိုးတောင်ပေါ်က လှမ်းမြင်ရတဲ့ ဈေးတန်းတွေ၊ ဟိုတယ်၊ တည်းခိုခန်း၊ အဆောက်အအုံတွေနဲ့ လျှပ်စစ်မီးရောင်စုံအောက်က ကျိုက်ထီးရိုးရင်ပြင်တော်က တောင်ပေါ်မြို့ကလေးတစ်မြို့လို့တောင် အထင်ရောက်စေပါတယ်။

ကျိုက်ထီးရိုးခရီးက ဘုရားဖူးတာအပြင် အသက်အရွယ်စုံသွားရောက်လည်ပတ်လို့ရနိုင်တဲ့ ခရီးတစ်ခုလည်းဖြစ်ပါတယ်။

စာရေးသူအတွက်လည်း ကျိုက်ထီးရိုးခရီးစဉ်က ဘုရားဖူးခရီးစဉ်တစ်ခုထက် ပိုခဲ့ပါတယ်။ ကျဉ်းမြောင်းမွန်းကျပ်လှတဲ့ ရန်ကုန်နံနက်ခင်းတွေဆီကနေ လွတ်မြောက်လာပြီး ထိတွေ့လိုက်ရတဲ့ ကျိုက်ထီးရိုးတောင်ပေါ်က သဘာဝအလှတွေက ငေးမောမဆုံးပါပဲ။

မိုးကုတ်စက်ဝိုင်းထိ အနားသတ်ထားတဲ့ တောင်ပြာတန်းတွေကို ငေးကြည့်ရတာနဲ့တင် အားမရလို့ တောထဲတောင်ထဲကို လူကိုယ်တိုင်အရောက်သွားပြီး တစ်တောဝင် တစ်တောင်တက်နဲ့ တောလမ်းခရီးတစ်ခုကိုလည်း သွားဖြစ်အောင်သွားခဲ့ပါသေးတယ်။

အဲဒီနေရာကတော့ ကျိုက်ထီးရိုးတောင်အောက်မှာရှိတဲ့ရေတံခွန်ပါပဲ။ ရေတံခွန်အသွားလမ်း၊ ၅၅ မိနစ်သာသာသွားရမယ်လို့ ရေးသားလမ်းညွှန်ထားကြပေမဲ့ တကယ်သွားတဲ့အခါမှာတော့ တစ်နာရီကျော်ထိ တောင်အဆင်းလမ်းကိုလျှောက်ခဲ့ရပါတယ်။

လမ်းတစ်လျှောက်ဖွင့်လှစ်ထားတဲ့ ဆိုင်တွေမှာ တစ်ထောက်ဝင်နားလိုက်၊ အဆာပြေမုန့်နဲ့ငှက်ပျောသီးဝယ်စားလိုက်နဲ့ ရေသံလာရာဆီနားစွင့်လျှောက်ခဲ့ကြရင်း ခြေထောက်တွေ ညောင်းချိလာပါတယ်။ လမ်းသုံးနှစ်ပုံလောက်မှာတော့ ဒေသခံဦးလေးကြီးတစ်ယောက်က အရမ်းဝေးလွန်းပြီးပင်ပန်းမယ်လို့ အသိပေးပြောပြပါတယ်။

“လမ်းတစ်ဝက်မှာ ခြေထောက်တောင်ဖြတ်ထားခဲ့ချင်မှာနော်” လို့ သူက သတိပေးပြောလိုက်ပေမဲ့ မလျော့သော ဇွဲနဲ့ဆက်လျှောက်ခဲ့ကြတာ တကယ်လည်း လမ်းခုလတ်မှာ ခြေထောက်ကို မသယ်ချင်တော့လောက်အောင် ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့စမ်းချောင်း လေးတစ်ခုကိုမြင်ရပြီး ရေကျသံတဝေါဝေါကြားရတဲ့အခါမှာတော့ မောပန်းခဲ့သမျှကို ဖြေသိမ့်နိုင်လိုက်ပါတယ်။

အားတင်းပြီးလျှောက်ခဲ့ကြပြီးတဲ့နောက်မှာတော့ တသွင်သွင်စီးကျနေတဲ့ ရေတံခွန်ဆီရောက်ခဲ့ပါတယ်။ လည်ပတ်သူနည်းတဲ့အတွက်ကြောင့် ရေတဝေါဝေါကျနေတဲ့ ရေတံခွန်အောက်မှာ ရေကန်ငယ်တစ်ခုလိုဖြစ်နေပြီး၊ ကြည်လင်အေးစိမ့်တဲ့ရေတွေက ဆီးကြိုနေကြပါတယ်။ မောသမျှကိုရေစိမ်၊ ရေကူးပြီး အညောင်းဖြေကြပြီး ရေတံခွန်နားမှာပဲ နေ့လယ်စာကိုစားခဲ့ကြပါတယ်။

အပြန်လမ်းမှာတော့ ကံကောင်းစွာနဲ့ တောင်တက်ကားရခဲ့ပြီး ကျိုက်ထီးရိုးတောင်ပေါ်ကို ကားနဲ့ရောက်သွားခဲ့ပါတယ်။ ဒီခရီးကတော့ စိမ်းစိုအုပ်ဆိုင်းနေတဲ့ သစ်ပင်ဝါးပင်တွေကြားမှာ ခြေကျင်တောင်တက်၊ တောင်ဆင်းလုပ်ချင်တဲ့သူတွေအတွက်တော့ အံကိုက်ဖြစ်ပါလိမ့်မယ် ထင်ပါတယ်။

ရန်ကုန်အပြန်နေ့မှာတော့ ခရီးသွားလုပ်ငန်းကစီစဉ်ပို့ဆောင်ပေးတဲ့ ဆောင်နိုင်ကြီးရေတံခွန်ဆီသို့ ဦးတည်ခဲ့ကြပါတယ်။ ရေတံခွန်ထဲကို ဝင်ကြေးက တစ်ဦးကို ကျပ် ၁çဝ၀ဝ ပေးရပြီး လမ်းလျှောက် ဒါမှမဟုတ် ဆိုင်ကယ်၊ ကားနဲ့ဝင်လို့ရပါတယ်။

ဆောင်နိုင်ကြီးက ရေတံခွန်ဆိုပေမဲ့ ကျောက်တုံးကျောက်ဆောင်ပေါပေါများများနဲ့ တောင်ကျချောင်းကြီးတစ်ခုလို့ဆိုနိုင်ပါတယ်။

လမ်းတစ်လျှောက်နဲ့ ချောင်းနံဘေး ရေစပ်နားတွေမှာလည်း ဈေးဆိုင်တွေအစီအရီရှိနေပါတယ်။

ဆောင်နိုင်ကြီးမှာ သတိထားဆင်ခြင်ပြီး ရေထဲဆင်းသင့်တယ်လို့ အကြံပြုချင်ပါတယ်။ တောင်ကျချောင်းဆိုတော့ ရေက အောက်ဘက်ကိုအမြဲစီးဆင်းနေပါတယ်။ ရေကကြည်လင်နေပြီး အောက်ခြေထိမြင်နေရတာကြောင့် ရေတိမ်၊ ရေနက်ဆိုတာမသိနိုင်သလို၊ တချို့နေရာတွေကလည်း ရေညှိတွေကြောင့် ခြေချော်နိုင်ပါတယ်။ ရေထဲဆင်းမယ်ဆိုရင်တော့ ဒေသခံတွေကို မေးမြန်းသင့်သလို သတိနဲ့ရေဆော့သင့်တယ်လို့ထင်မြင်မိပါတယ်။

ကြည်လင်တဲ့ရေတွေက လာရောက်လည်ပတ်သူတွေကို စိတ်ကြည်လင်စေတာကတော့ အမှန်ပါပဲ။ ရေကူးလိုက်၊ စားသောက်ဆိုင်တွေက စားသောက်စရာတွေ မှာစားလိုက်နဲ့ တကယ့်ကို အပန်းလည်းပြေ၊ ဗိုက်လည်းဝစေတဲ့ လည်ပတ်စရာနေရာ တစ်ခုပါပဲ။ ဝဥသုပ်၊ ငါးလေးအြွကပ်ကြော်နဲ့ ကြက်ကြော်လတ်လတ်ဆတ်ဆတ်ကလေးတွေကတော့ ခရီးစဉ်တစ်လျှောက် စားခဲ့သမျှထဲက အရသာအရှိဆုံးနေ့လယ်စာတစ်နပ်လို့တောင်ဆိုချင်ပါတယ်။

‘ကျိုက်ထီးရိုးသွားကြမယ်’ လို့ ဆိုလိုက်ရင် မကြာမကြာသွားလည်ဖြစ်ကြတာကြောင့် ပျင်းစရာကောင်းနေမလားဆိုတဲ့အတွေးဝင်ကောင်းဝင်လာနိုင်ပါတယ်။

ဒါပေမဲ့ ကျိုက်ထီးရိုးစေတီတော်အပါအဝင် အရှေ့ရိုးမနဲ့ပေါင်းလောင်းတောင်တစ်လျှောက် တည်ရှိနေသေးတဲ့ အခြားစေတီပုထိုးတွေကိုလည်း ဖူးမျှော်ဦးမယ်၊ တောတောင်တွေကြားမှာ ခြေလျင်တောင်တက်ပြီး သဘာဝအလှတွေကိုခံစားမယ်၊ ဒေသခံတွေရဲ့လူနေမှုဘဝတွေကိုလည်း လေ့လာဖို့ စိတ်ဝင်စားတယ်ဆိုရင် ဒီခရီးစဉ်က အချိန်တို၊ တန်ဖိုးသင့်တဲ့ ခရီးစဉ်တစ်ခုဖြစ်တယ်လို့ ဆိုချင်ပါတယ်။

FROM : MYANMAR TIMES