在通往民主的道路上长期存在的腐败问题仍然是一个主要的障碍

ဒီမိုကရေစီခရီးလမ်းတွင် နှစ်ကာလရှည်ကြာစွာ အမြစ်တွယ်နေသည့် အဂတိလိုက်စားမှုပြဿနာသည် အဓိကကျသည့် ခလုတ်တံသင်းဖြစ်နေ

အစိုးရအနေဖြင့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေးအတွက်အားလုံးပူးပေါင်းပါဝင်သည့် ပြည်သူလူထုအခြေပြုနည်းလမ်းများဖြင့် နိုင်ငံတော်ပြုပြင်ပြောင်းလဲရေးနှင့် တည်ဆောက်ရေးခရီးလမ်းအား လျှောက်လှမ်းလျက်ရှိရာ ဒီမိုကရေစီခရီးလမ်းတွင် နှစ်ကာလရှည်ကြာစွာ အမြစ်တွယ်ရှင်သန်နေသည့် အဂတိလိုက်စားမှုပြဿနာသည် အဓိကကျသည့် ခလုတ်တံသင်းဖြစ်နေ၍ နိုင်ငံတော်သမ္မတဦးဝင်းမြင့်ကပြောကြားသည်။

နေပြည်တော်ရှိ MICC-2 တွင် ဒီဇင်ဘာ ၉ရက်ကပြုလုပ်ခဲ့သော အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနား အဖွင့်အမှာစကားပြောကြားရာတွင် ၎င်းက ယင်းကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံကို ရေရှည်တည်တံ့ခိုင်မြဲပြီး တည်ငြိမ်အေးချမ်းကာ ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုအဖြစ် ပေါ်ထွန်းရေးအတွက် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဖြစ်စဉ်၊ နိုင်ငံတော်၏ စီးပွားရေးမူဝါဒများ အကောင်အထည်ဖော်ခြင်းတို့ကို အားလုံးပူးပေါင်းပါဝင်သည့် ပြည်သူလူထုအခြေပြုနည်းလမ်းများဖြင့် နိုင်ငံတော်ပြုပြင်ပြောင်းလဲရေးနှင့် တည်ဆောက်ရေးခရီးလမ်းအား လျှောက်လှမ်းလျက်ရှိကြောင်း သမ္မတက ပြောကြားသည်။

“ဒီခရီးလမ်းမှာ နှစ်ကာလရှည်ကြာစွာ အမြစ်တွယ်ရှင်သန်နေတဲ့ အဂတိလိုက်စားမှု ပြဿနာဟာ အဓိကကျတဲ့ ခလုတ်တံသင်းဖြစ်နေတယ်လို့ ကျွန်တော်တို့အစိုးရက နားလည်သဘောပေါက်ထားတဲ့အားလျော်စွာ နိုင်ငံရေး စိတ်ဆန္ဒ ပြင်းပြစွာနဲ့ အဂတိကင်းစင်တဲ့ လူ့အသိုင်းအဝိုင်းဖြစ်ပေါ်လာရေး ရည်မှန်းပြီး အစဉ်တစိုက်ကြိုးပမ်းလျက်ရှိပါတယ်” ဟု ၎င်းကပြောသည်။

အဂတိလိုက်စားမှုသည် မျက်မှောက်ခေတ်ကာလတွင် နိုင်ငံများကို အများဆုံးပျက်စီးယိုယွင်းစေသည့် ပြဿနာတစ်ရပ်ဖြစ်ပြီး ပြည်သူလူထု၏ အရင်းအမြစ်များလေလွင့်ဆုံးရှုံးစေခြင်း၊ စီးပွားရေးနှင့် လူမှုရေး မမျှတမှုများကို ကျယ်ပြန့်စေခြင်း၊ လူထုအတွင်း မကျေနပ်မှုများနှင့် နိုင်ငံရေးအစွန်းရောက်မှုများ ပေါက်ဖွားစေခြင်း၊ အင်စတီကျူးရှင်းများ အပေါ် ယုံကြည်မှုကျဆင်းစေခြင်းတို့ဖြစ်ပေါ်စေကြောင်း၊ အဂတိလိုက်စားမှုသည် ပြည်သူလူထုအတွင်းမညီမျှမှုနှင့် ဆင်းရဲနွမ်းပါးမှုကို သက်ဆိုးရှည်စေပြီး လူထု၏ကိုယ် စိတ်ချမ်းသာမှုနှင့် ဝင်ငွေခွဲ ဝေမှုအပေါ် ထိခိုက်စေပြီး လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးတို့တွင် ညီတူညီမျှ ပါဝင်နိုင်မှု အခွင့်အရေးကိုလည်း လျော့နည်းကျဆင်းစေကြောင်းသမ္မတက ပြောကြားသည်။

လက်ရှိတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ဆောင်ရွက်နေပြီး သန့်ရှင်းသောအစိုးရ၊ ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်ဖြစ်ထွန်းရေး၊ ဌာနဆိုင်ရာ အဖွဲ့အစည်းအသီးသီးတွင် ဂုဏ်သိက္ခာနှင့် တာဝန်ယူနိုင်မှု မြင့်မားတိုးတက်လာရေး၊ နိုင်ငံတော်ပိုင်ပစ္စည်းများနှင့် ဘဏ္ဍာငွေများ လေလွင့်ဆုံးရှုံးမှုမရှိစေရေး၊ နိုင်ငံသားများ၏အကျိုးစီးပွားကို ထိခိုက်မှုမရှိ စေရေးတို့အတွက် ၂၀၁၈ ခုနှစ် တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေကို လေးကြိမ်မြောက် ပြင်ဆင်ပြဋ္ဌာန်းနိုင်ခဲ့ကြောင်း သိရသည်။

ယင်းဥပဒေတွင် အဂတိလိုက်စား မှု၏အဓိပ္ပာယ်မှာ နက်နဲကျယ်ပြန့်ပြီး လာဘ်ပေး လာဘ်ယူမှုထက်များစွာ ကျော်လွန်ကြောင်း၊ လက်ရှိတွင် ဥပဒေမူဘောင်ပိုမိုခိုင်မာ တောင့်တင်းလာသည့် အားလျော်စွာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အနေဖြင့် လွတ်လပ်စွာကျယ်ကျယ်ပြန့်ပြန့်လုပ်ပိုင်ခွင့်ရပြီး နိုင်ငံတော်တစ်ဝန်းတွင် တံစိုးလက်ဆောင် ယူခြင်း၊ ပေးခြင်းတို့သာမက နိုင်ငံတော်၏ငွေကြေး၊ ပစ္စည်းနှင့် ပိုင်ဆိုင်မှု ထိခိုက်နစ်နာပျက်စီးဆုံးရှုံးစေမှုတို့ကို လျော့ကျစေရန် အားထုတ်ကြိုးပမ်းဆောင်ရွက်နိုင်ပြီး ဖြစ်ကြောင်း သိရသည်။

“အဂတိလိုက်စားမှုတိုက်ဖျက်ရေးနဲ့ ပတ်သက်ပြီး အစဉ်အလာနည်းလမ်းများဖြစ်တဲ့ တင်းကျပ်သည့် ဥပဒေစည်းမျဉ်း၊စည်းကမ်းများကို တီထွင်ရေးဆွဲ ပြဋ္ဌာန်းခြင်းနဲ့ပိုမိုတိကျစွာလိုက်နာစေရန် အသုံးပြုခြင်းနည်းလမ်းတို့ဟာ ထိရောက်မှုရှိပါတယ်” ဟုသမ္မတက ပြောဆိုသည်။

အဂတိတိုက်စားမှု တိုက်ဖျက်ရေး အသိပညာပေးခြင်း တားဆီးကာကွယ်ခြင်းနှင့် စုံစမ်းစစ်ဆေးအရေးယူဆောင်ရွက်ခြင်းဆိုသည့် လုပ်ငန်းစဉ်သုံးရပ်ဖြင့် ဆောင်ရွက်နေကြောင်း၊ အသိပညာပေး လုပ်ငန်းစဉ်အနေဖြင့် အခြေခံပညာကျောင်းများအတွက်ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး စာစောင်များဖြန့်ဝေခြင်း၊ တက္ကသိုလ်များအဆင့်ဖြောင့်မတ်တည်ကြည်မှု မြှင့်တင်ရေး စာစောင်များ ဖြန့်ဝေခြင်း၊ တက္ကသိုလ်များ အဆင့် ဖြောင့်မတ်တည်ကြည်မှု လူငယ်စခန်းများဖွင့်လှစ်ခြင်း၊ အစိုးရဌာနများနှင့် စီးပွားရေး လုပ်ငန်းရှင်များတွင် တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် ဖြောင့်မတ်တည်ကြည်ရေးအတွက်တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် အလုပ်ရုံဆွေးနွေးပွဲများပြုလုပ်လျက် ရှိကြောင်းသိရသည်။

ထို့ပြင် ဖြောင့်မတ်တည်ကြည်မှုရှိခြင်းသည်လည်း နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာအဆောက်အအုံ၏ အရေးကြီးသည့် မဏ္ဍိုင်တစ်ရပ်ဖြစ်ပြီး လူပုဂ္ဂိုလ်တစ်ဦးဦး၊လူ့အဖွဲ့အစည်း တစ် ရပ်ရပ်၏ စီးပွားရေးနှင့် လူမှုရေးတွင် ကိုယ်စိတ်နှစ်ပါး ချမ်းသာရေးနှင့်သာယာ၀ပြောရေးတို့အတွက် ဖြောင့်မတ်တည်ကြည်မှုသည် မရှိမဖြစ် လိုအပ်ချက်ဖြစ်ကြောင်း သိရသည်။

“နိုင်ငံတော်ပြုပြင်ပြောင်းလဲရေးကို ထိရောက်မှုရှိစေရန်အတွက် ဖြောင့်မတ်တည်ကြည်မှု လုပ်ဆောင်ချက်များကို အုပ်ချုပ်ရေးအပိုင်းတွင်သာမက ဥပဒေပြုရေးနှင့် တရားစီရင်ရေးကဏ္ဍများအတွက်ပါ ထည့်သွင်းစဉ်းစားဆောင်ရွက်ရမှာဖြစ်ပါတယ်။ယင်းတို့ရဲ့အရေးကြီးသော အခန်းကဏ္ဍများဟာ နိုင်ငံတစ်ဝန်းလုံးမှာ ဖြောင့်မတ်တည်ကြည်မှုရှိရေးအတွက် သေချာမှုဖြစ်စေပါတယ်”ဟု သမ္မတက ပြောဆိုသည်။

ထို့ကြောင့် ဖြောင့်မတ်တည်ကြည် မှုရှိရေးလုပ်ဆောင်ချက်များကို အစိုးရဌာနဆိုင်ရာ အဖွဲ့အစည်းများတွင်သာမက တစ်ဦးချင်းနှင့် ပုဂ္ဂလိကကဏ္ဍများပါ အပါအဝင်ဖြစ်စေရမည်ဖြစ်ကြောင်း၊ ဖြောင့်မတ်တည်ကြည်မှုသည် ပြည်ထောင်စုအစိုးရနှင့်သာ သက်ဆိုင်သည်မဟုတ်ဘဲ ပြည်သူလူထုက ပထမဦးဆုံး ဖြောင့်မတ်တည်ကြည်သောအပြုအမူများကို ထိတွေ့ခံစားရမည့် အဆင့်ဆင့်သော အောက်ခြေအဖွဲ့အစည်းများအထိ စိမ့်ဝင်ပျံ့နှံ့စေရမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

လက်ရှိတွင် တားဆီးကာကွယ်ရေးလုပ်ငန်းစဉ်အနေဖြင့် အစိုးရဌာနများတွင်အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (CPU) များဖွဲ့စည်းဆောင်ရွက်ခြင်းနှင့် ပုဂ္ဂလိကစီးပွားရေး လုပ်ငန်းများတွင် အဂတိလိုက်စားမှု ကင်း ဝေးစေရန် ကျင့်ဝတ် (CoC)ရေးဆွဲလိုက်နာစေခြင်းနည်းလမ်းများဖြင့် ဆောင်ရွက်လျက်ရှိပြီး ပုဂ္ဂလိကအကျိုးစီးပွားထက် အများပြည်သူ အကျိုးစီးပွားကို ဦးစားပေးအလေးထားရန်အတွက် ကျင့်ဝတ်တန်ဖိုးများ၊ စံနှုန်းများကို အစဉ်စောင့်ရှောက်ထိန်းသိမ်းခြင်းဖြင့် ဖြောင့်မတ်တည်ကြည်မှုရရှိစေရန်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် အဂတိ လိုက်စားမှု ဖြစ် နိုင်ခြေ ကယ်ပေါက်များကို ပိတ်ဆို့နိုင်ရန် ဖြစ်သောကြောင့် နိုင်ငံတော်အတွက် ရေရှည်အကျိုးရှိစေမည့် နည်းလမ်း ကောင်းလည်းဖြစ်ကြောင်းသမ္မတက ပြောကြားသည်။

“အဂတိလိုက်စားမှုကို စိတ်ပါလက်ပါ ဆန့်ကျင်တိုက်ဖျက်ကြခြင်းဖြင့် အဂတိလိုက်စားမှု ကင်းစင်တဲ့ ယဉ်ကျေးမှုတစ်ရပ် ဖြစ်ပေါ်စေနိုင်ခြင်းထက်သာလွန်ပြီး တရားဥပဒေစိုးမိုးတဲ့ လူ့အဖွဲ့အစည်းတစ်ရပ်ကိုပါ ဖော်ဆောင်စေနိုင်ပါတယ်။ ဒါ့အပြင် တာဝန်ယူမှု၊တာဝန်ခံမှုရှိတဲ့ အင်စတီကျူးရှင်းများ တည်ဆောက်ရေးကိုပါ ဖြစ်ထွန်းစေမှာဖြစ်တဲ့အတွက် လူသားတိုင်း မိမိတို့ရရှိခံစားနိုင်တဲ့ အခွင့်အရေးကို လက်လှမ်းမီစေပြီးစိတ်ရောကိုယ်ပါ ကျန်းမာချမ်းသာတဲ့ လူနေမှုဘ၀များကို ပိုင်ဆိုင်စေနိုင်မှာ ဖြစ်ပါတယ်”ဟု ၎င်းက ပြောဆိုသည်။

မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂအဂတိလိုက်စားမှု တိုက်ဖျက်ရေး ကွန်ဗင်းရှင်းကို ၂၀၁၂ ခုနှစ်တွင် အတည်ပြုခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေကိုပြဋ္ဌာန်းခဲ့သည်။

ထို့နောက် ၂၀၁၄ ခုနှစ်တွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ကိုဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပြီး အဂတိလိုက်စားမှုကို ပိုမိုတိုက်ဖျက်နိုင်ရန် ၂၀၁၇ ခုနှစ်တွင် ကော်မရှင်ကို အသစ်ပြန်လည်ဖွဲ့စည်းပြီး တာဝန်ပေးအပ်ခဲ့ကြောင်း သိရသည်။

ယနေ့ အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့အတွက် ကုလသမဂ္ဂမှ သတ်မှတ်ပေးထားသော ဆောင်ပုဒ်မှာ ” အဂတိလိုက်စားမှု ဆန့်ကျင်ရေးအတွက် ကျွန်ုပ်တို့အားလုံး စုပေါင်းညီညွတ်ကြပါစို့}ဖြစ်ပြီး ယင်းဆောင်ပုဒ်နှင့်အညီ အုပ်ချုပ်ရေး မဏ္ဍိုင်၊ ဥပဒေပြုရေးမဏ္ဍိုင်နှင့် တရားစီရင်ရေးမဏ္ဍိုင်မှ ပုဂ္ဂိုလ်များ၊တာဝန်ရှိသူများ၊ဝန်ထမ်းများ၊ ပုဂ္ဂလိကအဖွဲ့အစည်းများ၊ အရပ်ဘက်လူ့အဖွဲ့အစည်းများ၊ သတင်းမီဒီယာနှင့် ပြည်သူလူထုတစ်ရပ်လုံးက တက်ညီလက်ညီဖြင့် အဂတိလိုက်စားမှုကို ဆက်လက်ပူးပေါင်းတိုက်ဖျက်ကြရန် သမ္မတက တိုက်တွန်းပြောကြားသည်။

သတင်း – မင်းမင်းထွန်း

FROM : THE STNDARD TIMES