包括Mrauk-U和Paletwa在内的五个省和邦的部分城镇,禁止外国游客入境

မြောက်ဦးနဲ့ပလက်၀ အပါအဝင် တိုင်းနဲ့ပြည်နယ်၅ခုက မြို့နယ်အချို့ကို နိုင်ငံခြားသားသွားလာခွင့်ပိတ်

ပြည်ပခရီးသွားတွေကိုဆွဲဆောင်ရာဒေသတစ်ခုဖြစ်ခဲ့တဲ့မြောက်ဦးကို လုံခြုံရေးအရ သွားလာခွင့်ပိတ်
Image captionပြည်ပခရီးသွားတွေကိုဆွဲဆောင်ရာဒေသတစ်ခုဖြစ်ခဲ့တဲ့မြောက်ဦးကို လုံခြုံရေးအရ သွားလာခွင့်ပိတ်

မြန်မာနိုင်ငံအတွင်းက နိုင်ငံခြားသားခရီးသွားတွေအလာများတဲ့နေရာတစ်ခုဖြစ်ခဲ့တဲ့ မြောက်ဦးဒေသ အပါအဝင် ရခိုင်၊ချင်း၊ရှမ်း၊ရန်ကုန်နဲ့ကချင်ပြည်နယ်အတွင်းကမြို့နယ် အချို့ကို နိုင်ငံခြားသားသွားလာခွင့်ကို လုံခြုံရေးအရ ကန့်သတ်ပိတ်ပင်ထား ကြောင်း ဟိုတယ်နဲ့ခရီးသွားလာရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံခြားသား သွားလာခွင့်မရှိတဲ့ဒေသတွေထဲမှာ မင်းပြား၊ ပုဏ္ဏားကျွန်း၊ ချင်းပြည်နယ်က ပလက်ဝမြို့နဲ့ ရန်ကုန်တိုင်းဒေသကြီးက ကိုကိုးကျွန်း၊ ရှမ်းပြည်နယ်အရှေ့ပိုင်းက မြို့နယ် ၉ခုနဲ့ ကချင်ပြည်နယ် ပူတာအိုမြို့အတွင်းက ကျေးရွာအချို့ပါဝင်ပါတယ်။

‘ ‘ ဒေသလုံခြုံရေးအရ သွားလာခွင့်မရှိဘူးဆိုတဲ့နေရာတွေကို ပြည်ထဲရေးဌာနက စာရင်းပြုစုပြီး ထုတ်ပေး တာဖြစ်တယ်။ ကျွန်တော်တို့ ဝန်ကြီးဌာနက ခရီးသွားကုမ္ပဏီတွေ၊ နိုင်ငံခြားသားဧည့်တွေသိအောင် ပြန်ပြီး အသိပေးထုတ်ပြန်တာပဲဖြစ်တယ်” လို့ ဟိုတယ်နဲ့ခရီးသွားလာရေးလုပ်ငန်းဆိုင်ရာ ကြီးကြပ်မှုဌာနခွဲ ညွှန်ကြားရေးမှူး ဦးမျိုးဝင်းညွှန့်က ဘီဘီစီကိုပြောပြပါတယ်

အခုကန့်သတ်လိုက်တဲ့ဒေသတွေထဲမှာ ရခိုင်ပြည်နယ်ထဲက မြောက်ဦး၊ မင်းပြား၊ ပုဏ္ဏားကျွန်းနဲ့ ချင်း ပြည်နယ်က ပလက်ဝမြို့နယ်တွေမှာ မြန်မာ့တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် (အေအေ)တို့အကြား အပြန်အလှန်တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ဒေသတွေလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၆ ရက်နေ့တုံးက သီပေါမြို့နယ်အတွင်းမှာ မြေမြုပ်မိုင်းထိပြီး ဂျာမနီနိုင်ငံသားတစ်ဦး အသက်သေဆုံးခဲ့ရပါတယ်။

ဂျာမနီနိုင်ငံသားတစ်ဦးသေဆုံးပြီးနောက် ဒီဇင်ဘာ ၆ရက်နေ့မှာ နိုင်ငံခြားသား သွားလာခွင့်မရှိတဲ့ ဒေသတွေကို ပြန်လည်ထုတ်ပြန်လာခဲ့ပါတယ်။

အဓိကက ပြည်ထဲရေးကကန့်သတ်ထားတဲ့စာရင်းထဲမှာပါတဲ့ သွားလာခွင့်မရှိတဲ့ ဒေသတွေကို တစ်စုတစ်စည်းတည်း သိနိုင်အောင် ထပ်တိုးဒေသတွေကိုပါထည့်သွင်းပြီး ဖော်ပြပေးခဲ့တာဖြစ်တယ်လို့ ဟိုတယ်နဲ့ခရီးသွားလာရေးဝန်ကြီးဌာန သတင်းနဲ့ပြန်ကြားရေးဌာနက ညွှန်ကြားရေးမှူးဦးခင်မောင်စိုး ကဘီဘီစီကိုပြောပါတယ်။

ဟိုတယ်နဲ့ခရီးသွားလာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့စာရင်းထဲမှာ သွားလာခွင့်လုံးဝကန့်သတ်ထားတဲ့ ဒေသတွေပါသလို အချို့ဒေသတွေကိုတော့ ခွင့်ပြုချက်တင်ပြီး သွားလာနိုင်တဲ့ဒေသတွေလည်းပါပါတယ်။

‘ ‘ဥပမာ မိုးကုတ်ဆိုရင် အရင်ကသွားလာခွင့်မရှိပေမယ့် လုံခြုံရေးအတွက်အစိုးရက ညှိနှိုင်းပေးလို့ရတဲ့ လမ်းကြောင်း ဖြစ်တဲ့ မတ္တရာဘက်ကနေဆို ခွင့်ပြုချက်တင်ပြီး သွားမယ်ဆို သွားခွင့်ပြုဖို့ဖြေလျှော့ပေးထားတာလည်းရှိ တယ်။ မိုးကုတ်ဆို တခြားလမ်းကြောင်း တွေကျတော့ လက်နက်ကိုင်အဖွဲ့တွေ၊ဂိတ်တွေရှိတယ်။ ဒီလမ်းကြောင်းတွေကျတော့ သွားလို့အဆင်မပြေနိုင်ဘူး။ ဒီလိုအခြေအနေတွေလည်းရှိတယ်”လို့ ဦးခင်မောင်စိုးက ပြောပြပါတယ်။

၂၀၁၉ခုနှစ် နိုဝင်ဘာလအထိ နယ်စပ်ဝင်ပေါက်တွေအပါအဝင် လမ်းကြောင်းအားလုံးက ဝင်ရောက်လာတဲ့ ပြည်ပခရီးသွားအရေအတွက်ဟာ လေးသန်းနီးပါးအထိရှိနေပြီလို့လည်း ဟိုတယ်နဲ့ခရီးသွားလာရေးဝန်ကြီးဌာနက ကောက်ယူထားတဲ့အချက်အလက်တွေအရ သိရပါတယ်။

From: BBC