因泰铢下跌,秒瓦底交易重现良好

ထိုင်းဘတ်ဈေးကျသဖြင့် မြဝတီ၌ အရောင်းအဝယ်ပြန်ကောင်း
မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့တွင် ပြီးခဲ့သည့် သြဂုတ်လက ထိုင်းဘတ်ငွေ ဈေးမြင့်တက်ခဲ့မှုကြောင့် ကုန်သည်အချို့မှာ ထိုင်းကုန်ပစ္စည်းများ အဝယ်ရပ်နားထားရပြီး အရောင်းအဝယ်အေးခဲ့ရာမှ ယခုဒီဇင်ဘာလတွင် ထိုင်းဘတ် ငွေဈေး ပြန်လည်ကျဆင်းခဲ့သည့်အတွက် အရောင်းအဝယ် ပြန်လည်ကောင်းမွန် လာကြောင်း သိရသည်။

“အခု ထိုင်းဘတ်ဈေးကအရင် သြဂုတ်လမှာ ထိုင်းဘတ်ငွေ ၂,ဝဝဝ မှာမြန်မာ ကျပ်ငွေ တစ်သိန်းဈေးရှိခဲ့ပြီး အခု ဒီဇင်ဘာ ဒုတိယပတ်မှာ ထိုင်းဘတ် ငွေ ၂,ဝ၄၀ ကို မြန်မာငွေကျပ်တစ်သိန်းအထိ ပြန်လည်ကျဆင်းသွားတဲ့အတွက် ထိုင်းကုန်ပစ္စည်းတွေလည်း ဈေးနှုန်းကျဆင်းခဲ့တာပေါ့” ဟု မြဝတီဘုရင့် နောင်ဈေးကြီးထဲတွင် မဲဆောက်မှထိုင်း စားကုန်ပစ္စည်းများ ဝယ်ယူရောင်းချနေသည့် ဈေးသည်တစ်ဦးက ပြောသည်။

မြဝတီမြို့ ဘုရင့်နောင်ဈေးကြီး အတွင်း လက်ရှိရောင်းချနေသော စားကုန်ပစ္စည်းဈေးနှုန်းများမှာ အာဂျီနို မိုတို ဆွမ်းအုပ်တံဆိပ် (အိုးအချိုမှုန့်) အထုပ်၂၀ ပါ တစ်ပါကင်ကျပ် ၈၄,ဝဝဝ၊ မာမားချဉ်စပ်အထုပ် ၃၀ ပါ ဖာသေး  ခြောက်ဖာပါ တစ်ပါကင် ကျပ် ၄၀,ဝဝဝ၊ မိသားစုငါးသေတ္တာဘူးအသေး တစ် ဒါဇင်ပါ တစ်ပါကင် ကျပ် ၄၇,ဝဝဝ၊ ၂၅ ကီလို JUMP ဆပ်ပြာဖာကြီးတစ် ပါကင် ကျပ် ၃၀,ဝဝဝ ရောင်းချနေကြောင်း သိရသည်။

ထို့ပြင် စားဆီ ၁၀ ပိဿာဝင် ကော်ပုံးကြီးတစ်ပုံး ကျပ် ၁၇,ဝဝဝ၊ M-150 အချိုရည် အလုံး သေး ၅၀ ပါတစ်ပါကင်ကျပ် ၁၈,ဝဝဝ၊ မြင်းတံဆိပ် ပလတ်စတစ်ဖျာ ၁၂ချပ်ပါ တစ်စည်း ကျပ် ၈၅,ဝဝဝ၊ ကလေးပုံ တံဆိပ် နို့စိမ်းလေးဒါဇင်ပါ တစ်ပါကင် ကျပ် ၃၀,ဝဝဝ ဈေးနှုန်းများနှင့်ရောင်းချလျက်ရှိပြီး ရွှေဈေးအနေဖြင့် ထိုင်းရွှေ တစ်ဘတ်သားလျှင် ကျပ် ၁,ဝ၃၇,ဝဝဝ၊ မြန်မာရွှေမီးလင်းတစ်ကျပ် သားကျပ် ၁,၁၇၅,ဝဝဝ နှင့်ရောင်းချနေကြောင်း သိရသည်။

FROM : MYANMAR TIMES