Kani镇绿洲产绿藻、蠕虫

စိမ်းပြာရေညှိ၊ တွင်းပိုးထွက်တဲ့ ကနီမြို့နယ်က အိုအေစစ်

စိမ်းစိမ်းစိုစိုသစ်တောသစ်ပင်တွေနဲ့ ဝန်းရံထားတဲ့ တွင်းမအင်းပတ်ဝန်းကျင်မြင်ကွင်း။ အောင်ဖေကြည်စိုး/မြန်မာတိုင်း(မ်)
                       စိမ်းစိမ်းစိုစိုသစ်တောသစ်ပင်တွေနဲ့ ဝန်းရံထားတဲ့ တွင်းမအင်းပတ်ဝန်းကျင်မြင်ကွင်း။
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ကို အလည်အပတ်ရောက်ခဲ့မယ်ဆိုရင် သဘာဝပတ်ဝန်းကျင်ရေမြေအလှမှာ အေးအေးချမ်းချမ်း အနားယူလို့ရတဲ့အပြင် လက်ရှိမှာလည်း စိမ်းပြာရေညှိထုတ်လုပ်နေဆဲဖြစ်တဲ့နေရာ တစ်ခုရှိပါတယ်။

ဒီနေရာလေးကတော့ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်ထဲမှာတည်ရှိတဲ့ တွင်းမအင်းဖြစ်ပါတယ်။

တွင်းမအင်းကို မုံရွာမြို့ကနေ မော်တော်ကား၊ ဆိုင်ကယ်တို့နဲ့ အလွယ်တကူသွားလာလို့ရသလို သွားမယ်ဆိုရင်လည်း အချိန်တစ်နာရီခွဲနီးပါးလောက်ပဲ ကြာပါတယ်။ မုံရွာကနေ ချင်းတွင်းတံတားကြီးကိုဖြတ်ပြီး မုံရွာ-ကလေးဝလမ်းအတိုင်းလာမယ်ဆိုရင် မိုင်တိုင် ၁၂ မိုင်နဲ့ လေးဖာလုံလောက်မှာ ‘ရွှေလယ်ရှည်’ လို့ရေးထားတဲ့ အုတ်သား ဆိုင်းဘုတ်တစ်ခုကို တွေ့ပါလိမ့်မယ်။ အဲဒီဘေးက မြေသားလမ်းလေးအတိုင်း အတွင်းဘက်ကို နှစ်မိုင်ကျော်လောက်ဝင်လာမယ်ဆိုရင် တွင်းထဲရွာတည်ရှိတဲ့တွင်းမအင်းကို ရောက်မှာဖြစ်ပါတယ်။

တွင်းမအင်းရောက်ခါနီးမှာ တွင်းမအင်းကို အပေါ်စီးကနေမြင်နိုင်တဲ့ Viewpoint လို နေရာတွေရှိပါတယ်။ အဲဒီနေရာက တွေ့ရတဲ့မြင်ကွင်းက အင်မတန်စိတ်ကြည်နူးအောင် လှပပါတယ်။ အင်းရဲ့ပတ်ပတ်လည်မှာ အုန်းပင်အပါအဝင် စိမ်းစိမ်းစိုစိုသစ်တောသစ်ပင်တွေနဲ့ ဝန်းရံထားတာကိုကြည့်ရတာ မျက်စိပသာဒရှိလှသလို အင်းထဲကတိုက်လာတဲ့ လတ်ဆတ်တဲ့လေကိုရှူရှိုက်ရတာကလည်း လူကိုလန်းဆန်းသွားစေပါတယ်။

အင်းရဲ့ပတ်ပတ်လည်မှာတော့ လူနေအိမ်တွေရှိပြီး ဒီရွာကိုတော့ အင်းထဲရွာလို့ ခေါ်ဝေါ်ကြပါတယ်။ ဒီရွာလေးတည်ရှိခဲ့တဲ့ သက်တမ်းကတော့ နှစ်ပေါင်းများစွာရှိပြီလို့ ဒေသခံတွေပြောပါတယ်။

လက်ရှိဒီရွာထဲမှာ ပျမ်းမျှအားဖြင့် အိမ်ခြေ ၈၀ ဝန်းကျင်နဲ့ လူဦးရေ ၃၀ဝ ကျော်လောက် အခြေချနေထိုင်တယ်လို့သိရပါတယ်။ ဒီရွာက ဒေသခံတွေဟာ ကွမ်းစိုက်တာနဲ့ အဓိကအသက်မွေးကြပါတယ်။ အခုနောက်ပိုင်းမှာ ဒီတွင်းမအင်းကို ခရီးသွားတွေ လာရောက်အပန်းဖြေတာတွေများလာလို့ ဒေသခံအချို့က စားသောက်ဆိုင်ဖွင့်တာတို့၊ အင်းထဲကို စက်လှေနဲ့ လိုက်ပြတာတို့ပါ လုပ်ကိုင်လာကြပါတယ်။ တချို့က တွင်းပိုးများတဲ့လတွေမှာ တွင်းပိုးဖမ်းကြပါတယ်။

စိမ်းပြာရေညှိထွက်တာကလည်း တစ်နှစ်ထက်တစ်နှစ်နည်းလာသလို ရေညှိကိုစားတဲ့ တွင်းပိုးကလည်း အရင်က ထက်စာရင် ဖမ်းမိတာ တော်တော်နည်းလာတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

ရလာတဲ့တွင်းပိုးတွေကိုတော့ ဒေသခံတွေက အခြောက်လှန်းပြီး တွင်းပိုးကြော်အဖြစ်ရောင်းချကြသလို တွင်းပိုးအစိမ်းကောင်တွေကို ငရုတ်သီးစိမ်း၊ ကြက်သွန်နီ၊ သံပရာသီးတို့နဲ့သုပ်ပြီး အုန်းရေနဲ့တွဲရောင်းချကြတာကို တွေ့ရပါတယ်။

တွင်းမအင်းကြီးဟာ မီးတောင်ထိပ်ဝဟောင်းတစ်ခုဖြစ်တယ်လို့ ရေညှိထုတ်လုပ်ရေးစခန်းက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ဒီအင်းထဲမှာ စိမ်းပြာရေညှိကို ၁၉၉၃ ခုနှစ်မှာ စတင်တွေ့ရှိခဲ့ပြီး စက်မှုဝန်ကြီးဌာနက ၁၉၉၃ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်မှာ ရေညှိစတင်ထုတ်လုပ်ခဲ့ပါတယ်။ အခုလက်ရှိမှာတော့ စစ်ကိုင်းဇွန်ဆေးဝါးထုတ်လုပ်ရေးလီမိတက်က စက်မှုဝန်ကြီးဌာနနဲ့ ဖက်စပ်လုပ်ကိုင်ပြီး ရေညှိထုတ်ယူနေဆဲဖြစ်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ စိမ်းပြာရေညှိကို အရင်က စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်ထဲက တွင်းတောင်အင်း၊ ကနီမြို့နယ်ထဲက တွင်းမအင်း၊ တောင်ပျောက်အင်းနဲ့ စစ်ကိုင်းမြို့နယ်ထဲက ရေခါးအင်းဆိုပြီး အင်းလေးခုက ရရှိခဲ့ပေမဲ့ လက်ရှိမှာတော့ ကနီမြို့နယ်က တွင်းမအင်းနဲ့ စစ်ကိုင်းမြို့နယ်မှာရှိတဲ့ ရေခါးအင်းမှာပဲ သဘာဝစိမ်းပြာရေညှိထွက်တော့တယ်လို့ သိရပါတယ်။

တွင်းမအင်းမှထွက်သော တွင်းပိုးများကိုပြသနေစဉ်။ အောင်ဖေကြည်စိုး/မြန်မာတိုင်း(မ်)                                         တွင်းမအင်းမှထွက်သော တွင်းပိုးများကိုပြသနေစဉ်။

စိမ်းပြာရေညှိက အင်းထဲမှာ တစ်နှစ်ပတ်လုံးထွက်တာတော့ မဟုတ်ပါဘူး။ ရေညှိပေါ်တဲ့လတွေမှပဲ ရေညှိကို ထုတ်ယူနိုင်တာဖြစ်ပါတယ်။ ရေညှိပေါ်တဲ့လတွေက တစ်နှစ်မှာ ခြောက်လရှိပါတယ်။

ရေညှိပေါ်တဲ့ရာသီမှာ တွင်းမအင်းစိမ်းပြာရေညှိ ထုတ်လုပ်ရေးစခန်းကို လေ့လာချင်တယ်ဆိုရင်တော့ စစ်ကိုင်းဇွန်ဆေးဝါးထုတ်လုပ်ရေးလီမိတက်ကို ခွင့်ပြုချက်တင်ပြီး လေ့လာနိုင်မှာဖြစ်ပါတယ်။

တွင်းမအင်းရဲ့နောက်ထပ်ထူးခြားချက်က လက်ရှိအချိန်ထိ တွင်းပိုးတွေရှိနေသေးတာဖြစ်ပါတယ်။ စိမ်းပြာရေညှိဟာ PH Level ၉ ဒသမ ၅ နဲ့ ၁၀ ဒသမ ၅ သတ်မှတ်ချက်အကြားမှာသာ အသက်ရှင်နိုင်ပါတယ်။ ဒီ PH Level ရှိတဲ့ရေထဲမှာ အခြားသော သက်ရှိသတ္တဝါတွေ အသက်ရှင်ဖို့ခက်ခဲပြီး တွင်းပိုးကောင်တွေလောက်ပဲ အသက်ရှင်ကြတယ်လို့ ရေညှိပညာရှင်က ဆိုပါတယ်။ ဒါ့ကြောင့် ရေညှိရှိမှလည်း ဒီလိုတွင်းပိုးတွေရှိတာလို့ ဒေသခံတွေက မှတ်ချက်ပေးပါတယ်။

အရင်တုန်းက ဘုတလင်မြို့နယ်က တွင်းတောင်ဟာ ရှားပါးအဖိုးတန်စိမ်းပြာရေညှိ သဘာဝအလျောက်ထွက်ရှိသလို အဲဒီဒေသကဖမ်းတဲ့ တွင်းပိုးကလည်း တော်တော်နာမည်ကြီးခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၁၄ ခုနှစ် နောက်ပိုင်းမှာ ရေညှိလည်း မထွက်တော့တာကြောင့် တွင်းပိုးတွေလည်း ပျောက်ကွယ်ခဲ့ပါတယ်။ လက်ရှိမှာတော့ ကနီမြို့နယ်ထဲက တွင်းမအင်းတစ်ခုတည်းမှာပဲ တွင်းပိုးကို တွေ့မြင်ရတော့ပါတယ်။

တွင်းပိုးကောင်ကို တစ်နှစ်လုံးမှာ ဧပြီလတန်ခူးလကနေ အောက်တိုဘာလ၊ သီတင်းကျွတ်လကြားမှာပဲ ဖမ်းလို့ရနိုင်တယ်လို့ဒေသခံတွေက ဆိုပါတယ်။

မိုးရွာသွန်းတာများမှ တွင်းပိုးအမတွေ ပိုမိုဥတာဖြစ်ပြီး တွင်းပိုးရတာများနိုင်တယ်လို့ ဒေသခံတွေက မှတ်ချက်ပေးကြပါတယ်။ လက်ရှိဖမ်းယူပြီး စားသောက်နေကြတဲ့ တွင်းပိုးကောင်အရွယ်အစားဟာ တစ်လသားဝန်းကျင် လောက်ဖြစ်တယ်လို့ သူကမှတ်ချက်ပေးပါတယ်။

တွင်းပိုးဖမ်းတဲ့ရာသီအချိန် ဒေသခံတွေ တွင်းပိုးဖမ်းကြတာကလည်း စိတ်ဝင်စားစရာကောင်းပါတယ်။ တွင်းပိုးရဲ့ သဘောသဘာဝက လေတိုက်တဲ့ အပေါ်မှာ သက်ဆိုင်တယ်လို့ ဒေသခံတွေကဆိုကြပါတယ်။ တောင်လေတိုက်ရင် တောင်လေအောက်ဘက်ခြမ်းမှာ တွင်းပိုးပေါ်တတ်သလို မြောက်လေတိုက်ရင် မြောက်လေ အောက်ဘက်ခြမ်းမှာ ပေါ်တယ်လို့သိရပါတယ်။ ဒါ့ကြောင့် တွင်းပိုးဖမ်းမယ့်သူတွေအနေနဲ့ လေတိုက်တဲ့အခြေအနေကို အဓိကဆန်းစစ်ပြီး နေရာရွေးချယ်ကြပါတယ်။

တွင်းပိုးရှိနိုင်တဲ့ လေတိုက်တဲ့နေရာကို ရွေးချယ်ပြီးရင်တော့ ညနေ ၆နာရီ ပတ်ဝန်းကျင်လောက်ဆိုရင် ဒေသခံ ၄၀ နဲ့ ၅၀ ဦး ဝန်းကျင်လောက် စုဝေးလာကြပါတယ်။ ရေစပ်မှာ ငုတ်လေးတွေစိုက်ပြီးတော့ ရေထဲမှာ ကြိုးချည်ထားတဲ့ ပလတ်စတစ်ဆန်ခါဖုံးကို ကျောက်ခဲထည့်ပြီး နှစ်ထားလိုက်ပါတယ်။ ဆန်ခါဖုံးရဲ့အပေါ်မှာရှိတဲ့ငုတ်မှာတော့ မီးအလင်းရောင်ရအောင် LCD မီးလုံးကို ဝိုင်ယာကြိုးနဲ့ဓာတ်ခဲကိုဆက်သွယ်ထားပြီး ကြိုးနဲ့ချည်ထားပါတယ်။

မီးအလင်းရောင်ပြရင် ဆန်ခါထဲမှာ တွင်းပိုးတွေဝင်လာကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခုကတော့ တွင်းပိုးရလာတာနည်းလာလို့ တစ်ညလုံးထိ ဆန်ခါဖုံးချထားပြီး မနက်မှ ဆယ်ယူတယ်လို့ ဆိုပါတယ်။ တွင်းပိုးအများဆုံးရတဲ့အချိန်ကတော့ ဇွန်နဲ့ဇူလိုင်လတွေ (မြန်မာလဆိုရင် ဝါဆို၊ ဝါခေါင်)ဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ကနီမြို့နယ်ထဲက တွင်းမအင်းကိုလာတဲ့ ဧည့်သည်တွေက ပျှမ်းမျှအားဖြင့် တစ်လကို ၃၀ဝ ကျော်လောက် ရှိကြပါတယ်။ မုံရွာမြို့အနီးအနားမှာ နေထိုင်ကြတဲ့ ဒေသခံတွေပါသလို မုံရွာပြင်ပက ခရီးသွားဧည့်သည်တွေနဲ့ ပြည်ပခရီးသွားဧည့်သည်တွေလည်း ပါပါတယ်။

ပွင့်လင်းရာသီဆိုရင်တော့ လာတဲ့ဧည့်သည်က ပိုများလာတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။ ဧည့်သည်တွေအပန်းဖြေနိုင်မယ့် ဒေသခံတွေဖွင့်လှစ်ထားတဲ့ စားသောက်ဆိုင်တွေလည်းရှိပါတယ်။ ဒါ့ပြင် အင်းထဲလှည့်ပတ်ကြည့်လို့ရမယ့် စက်လှေတွေလည်းရှိတာတွေ့ရပါတယ်။

သဘာဝရေမြေအလှအပကို ခံစားရင်း အပန်းဖြေဖို့အတွက် ဧည့်သည်တွေလာရောက်ကြသလို တွင်းမအင်းတစ်ခုတည်း မှာသာရနိုင်တဲ့ တွင်းပိုးကောင်ထွက်ကုန်ကို လိုချင်လို့ လာတဲ့ဧည့်သည်တွေလည်းရှိပါတယ်။ ဒေသခံတွေကတော့ သူတို့နေရာကို ကမ္ဘာလှည့်ခရီးသွားတွေနဲ့ ပြည်တွင်းခရီးသွားတွေကို ဆွဲဆောင်နိုင်တဲ့ ခရီးစဉ်ဒေသတစ်ခုဖြစ်စေချင်တာကို တွေ့ရပါတယ်။

ဘာပဲဖြစ်ဖြစ် ဒီနေရာလေးကတော့ သဘာဝကိုချစ်တဲ့ ခရီးသွားတွေကို သာယာလှပတဲ့ ရှုခင်းအသစ်အဆန်းတွေနဲ့ စွဲမက်ဖွယ်ဖြစ်အောင် ဖမ်းစားနိုင်မှာဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက ရှားပါးပြီး အဖိုးတန်တဲ့ စိမ်းပြာရေညှိကိုလည်း ထုတ်လုပ်နေဆဲဖြစ်တဲ့နေရာတစ်ခုဖြစ်လို့ သွားရောက်လေ့လာမယ့် ခရီးသွားဧည့်သည်တွေ အတွက်လည်း ဗဟုသုတရစရာအတွေ့အကြုံတွေကို ပေးစွမ်းမယ့်ခရီးစဉ်လေးဖြစ်မှာပါပဲ။

From: Myanmar Times