尚未解决的新建Tamwe市场问题

အဖြေမထွက်သေးတဲ့ တာမွေဈေးသစ်တည်ဆောက်ရေး ဝိရောဓိ
၂၀၁၂ ခုနှစ်မှစ၍ တာမွေယာယီဈေးကို အဆင့်မြင့်ဈေး သစ်ကြီးအဖြစ် တည်ဆောက်ရန် ရန်ကုန်တိုင်းအစိုးရက စီစဉ်လာခဲ့သည်မှာ ယခုအချိန်ထိဆိုလျှင် ခုနစ်နှစ်ခန့်ကြာ မြင့်ခဲ့ပြီဖြစ်သော်လည်း စ လုံးရေး မစနိုင်သေးပေ။

အဘယ်ကြောင့်ဆိုသော် ဈေးသူ၊ ဈေးသားများ၏ တောင်းဆိုမှုများနှင့် ရန်ကုန်တိုင်းအစိုးရ၊ မြို့တော်စည်ပင် သာယာရေးကော်မတီတို့အကြား ညှိနှိုင်းမှုများ အဆင် မပြေသေး၍ ဖြစ်သည်။

လက်ရှိ ဈေးသစ်တည်ဆောက်ရေးနှင့် ပတ်သက်ပြီး ခုနစ်နှစ်အတွင်း ဈေးသူဈေးသားနှင့် စည်ပင်၊ ရန်ကုန်တိုင်း အစိုးရနှင့် ဈေးသူ၊ ဈေးသား၊ လွှတ်တော်ကိုယ်စားလှယ်နှင့် ဈေးသူ၊ ဈေးသားဟူ၍ တွေ့ဆုံဆွေးနွေးပွဲများ ပြုလုပ်ခဲ့ သည်မှာ အကြိမ်ရေ ဆယ်နှင့်ချီ၍ ရှိခဲ့ပြီဖြစ်သည်။ သို့ရာတွင် ရလဒ်ကမထွက်သေးသလို တည်ဆောက် မည့်ပုံစံက မရေရာသေးပေ။

ယခုနှစ် ဒီဇင်ဘာ ၉ ရက်တွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ၎င်းတို့တည်ဆောက်မည့် အဆင့်မြင့် တာမွေဈေးသစ်ကြီးပုံစံကို ဈေးသူ၊ ဈေးသားများကို ထုတ်ဖော်ပြသခဲ့သော်လည်း ဈေးသူ၊ ဈေးသားများက လက်မခံပေ။

အစိုးရဆောက်မည့် အဆင့်မြင့်ဈေးသစ်ပုံစံမှာ အထပ် ခုနစ်ထပ်တွင် တာဝန်ယူတည်ဆောက်မည့် ၁၁၁ ကုမ္ပဏီ အတွက် ဆိုင်ခန်းများ၊ ရုပ်ရှင်ရုံများအပါအဝင် မှတ်ပုံတင်ဆိုင်ခန်းများအတွက် အခန်းများနှင့် ပျံကျဈေးသည်များ အတွက် ဆိုင်ခန်းများ၊ ကလေးကစားကွင်း၊ တာမွေမြို့နယ် စာကြည့်တိုက်၊ Communication Center၊ ကားပါကင်များ၊ အထပ်နှစ်ထပ်တွင် အခန်းပေါင်း ၁၆ ခန်းပါဝင်မည့် သန့်စင်ခန်းနှင့် ဈေးပတ်လမ်းတစ်ခုတို့ကို ထည့်သွင်း တည်ဆောက်မည်ဖြစ်သည်။

“ကျွန်တော်တို့အစကတည်းက ပြောထားပြီးသား။ မြေအောက် ထပ်မလိုချင်ဘူး။ အခုပါလာတယ်၊ သဘောမတူဘူး”ဟု တာမွေဈေးတွင် အထည်ရောင်းသူ ကိုနေဝင်းက ၎င်းဆန္ဒကိုပြောသည်။

ဒီဇင်ဘာ ၉ ရက်က တာမွေယာယီဈေးတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဝင်များ၊ တာမွေမြို့နယ်လွှတ်တော်ကိုယ်စားလှယ်တို့သည် ဈေးသူ၊ ဈေးသားများကို တာမွေဈေးတည်ဆောက်မည့် ပုံစံနှင့်ပတ်သက်၍ လာရောက်ရှင်းပြခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသ ကြီး တာမွေမြို့နယ် မဲဆန္ဒနယ် အမှတ် ၁ လွှတ်တော် ကိုယ်စားလှယ် ဦးလှသိန်းက ပြောသည်။

“ဈေးသူ၊ ဈေးသားတွေက ဈေးနဲ့ပတ်သက်ပြီး ဘာမှ မသိရဘူးဖြစ်နေတယ်ဆိုလို့ ဝန်ကြီးချုပ်က ဈေးဌာနတွေ ရယ်၊ မြို့နယ်က ကိုယ်စားလှယ်တွေရယ်၊ တည်ဆောက်ရေးဘက်က လူတွေရယ်ကို ဈေးအကြောင်းကို သွားရှင်းပြပေး လိုက်ပါလို့ ဝန်ကြီးချုပ်ကပြောလို့ ကျွန်တော်တို့ ရှင်းပြခြင်းဖြစ်ပါတယ်”ဟု ၎င်းက ပြောသည်။

ဈေးသစ်တည်ဆောက်ရေးနှင့် စပ်လျဉ်း၍ ဈေးသူ၊ ဈေးသားများက ဈေးတည်ဆောက်မှုပုံစံတွင် မြေအောက် ထပ်မထည့်သွင်းရေး၊ ပတ်ပတ်လည်ဝင်ပေါက်များ ထားရှိပေးရေး၊ မြေညီထပ်အမြင့်ကို ပေ ၂၀ ထားရှိပေး ရေး အစရှိသည့် တည်ဆောက်ရေးဆိုင်ရာ အချက်ရှစ်ချက်ကို တောင်းဆိုထားသည်။

“အချက် ရှစ်ချက်မှာဆိုရင် မြေအောက်ထပ်မပါဘူး။ဘာလို့ဆို ဘေးဘက်ခြမ်းမှာ Shop House နှစ်ခု ပါထားလို့။ကုမ္ပဏီက အောက်မှာလည်း ယူတယ်။ အပေါ်မှာလည်း ယူထားတယ်။ ကျွန်တော်တို့က ပျံကျသမားတွေအတွက်ပထမလွှာနဲ့ ဒုတိယလွှာပဲ ယူထားတာ။ အဲဒီနှစ်လွှာတည်းတောင် ကျွန်တော်တို့ကို အဆင်ပြေချောမွေ့အောင် မပေးနိုင်ဘူးဆိုတော့ ကျွန်တော်တို့က ဘာလုပ်ရမှာလဲ”ဟု တာမွေ ယာယီဈေးတွင် အထည်ရောင်းသူ ကိုမျိုးမင်းဦးက ပြောသည်။

ဦးလှသိန်းကမူ ဈေးသူ၊ ဈေးသားများက ရပိုင်ခွင့် အတွင်းမှသာ တင်ပြရန်၊ အခြားတစ်ဖက်မှ ရပိုင်ခွင့်များကို ဝင်မစွက်ရန် ပြောကြားထားခဲ့ကြောင်း ဆိုသည်။ ထို့ပြင်ဈေးသူ၊ ဈေးသားများ တောင်းဆိုနေသည့် အချက် ရှစ်ချက် နှင့်ပတ်သက်၍ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအတွင်းရေးမှူး ဒေါ်လှိုင်မော်ဦးက အသေးစိတ်ရှင်းပြထားပြီးဖြစ်ကြောင်း ဦးလှသိန်းက ပြောသည်။

အဆင့်မြင့်တာမွေဈေးသစ်ကို “၁၁၁” ကုမ္ပဏီက ကျပ် ၁၆ ဘီလျံစိုက်ထုတ်၍ တည်ဆောက်မည်ဖြစ်ပြီး ကုမ္ပဏီက ၄၈ ရာခိုင်နှုန်းနှင့် မြို့တော်စည်ပင်က ၅၂ ရာခိုင်နှုန်းဖြင့် အကျိုးအမြတ် ခွဲဝေထားသည်။ တာမွေဈေးသစ်တည်ဆောက်ရေးအတွက် မြန်မာနိုင်ငံ ဗိသုကာကောင်စီ၊ အင်ဂျင်နီယာကောင်စီတို့နှင့် တွေ့ဆုံညှိနှိုင်းကာ မြေပြင်အနေအထားနှင့် သင့်လျော်သည့် အဆောက်အအုံဒီဇိုင်းကို အသေးစိတ်ရေးဆွဲခဲ့ခြင်းဖြစ်ကြောင်း၊ ယခုတောင်းဆို သည့် ဆောက်လုပ်ရေးဆိုင်ရာအချက်များကို ညှိနှိုင်းပေး မည်ဆိုပါက လွှတ်တော်သို့ ပြန်လည်တင်ပြရမည့်အချက် အပါအဝင် အဆင့်ဆင့်လုပ်ဆောင်ရမည့် အချက်များစွာ ရှိနေသေးသည့်အတွက် ညှိနှိုင်းပေးရန် မဖြစ်နိုင်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဒေါ်လှိုင်မော်ဦးက ပြောကြားထားသည်။

“ဒီဇိုင်းမဆွဲခင်မှာ ဈေးသူ၊ ဈေးသားတွေနဲ့ တွေ့ဆုံပြီး တောင်းဆိုချက်တွေ အတတ်နိုင်ဆုံးရရှိနိုင်အောင် ညှိနှိုင်းပြီးမှ ရေးဆွဲခဲ့တာ ဖြစ်ပါတယ်။ ဥပဒေမှာပါတဲ့ ပြဋ္ဌာန်းချက်တွေအတိုင်း စံချိန်စံညွှန်းတွေ ကိုက်ညီအောင်လည်း ရေးဆွဲထားတာဖြစ်ပါတယ်”ဟု ဒေါ်လှိုင်မော်ဦးက ပြောသည်။

သို့သော် ဈေးသူ၊ ဈေးသားများက ဒီဇင်ဘာ ၉ ရက်ကနောက်ဆုံးတွေ့ဆုံခဲ့ချိန်အထိ ကန့်ကွက်နေဆဲ ဖြစ်သကဲ့သို့ ဒေါ်လှိုင်မော်ဦး၏ ရှင်းပြထားချက်များကို အချို့က မသိဟု ဆိုကြသည်။

ဦးသိန်းစိန် အစိုးရလက်ထက်ဖြစ်သည့် ၂၀၁၂ ခုနှစ် ကတည်းက အငြင်းပွားခဲ့သော ဈေးသစ်တည်ဆောက်ရေး မှာ ဈေးသူ၊ ဈေးသားများနှင့် အစိုးရကြား သဘောတူညီမှု မရဘဲ အချိန်ကြာမြင့်စွာ တည်ဆောက်နိုင်ရေး အငြင်းပွား လာခဲ့ကြသည်။ တာမွေမြို့သူ၊ မြို့သားများမှာမူ အစိုးရက တည်ဆောက်ပေးမည့်ဈေးသစ်ကို ပိုမိုလိုလားနေကြသည်။

“ဈေးသစ်ကို လိုချင်ပါတယ်။ အဆင့်အတန်းမြင့်ပြီး သန့်ရှင်းသပ်ရပ်တာမျိုးပေါ့။ လူမြင်လည်းကောင်းတယ်။ ယာယီဈေးကျတော့ သိပ်ကို ခေတ်နောက်ကျနေပြီ။ လမ်းတွေကအစ မညီဘူး။ ညစ်ပတ်တယ်။ ပြီးတော့ လမ်းမကနေကြည့်ရင် ကြည့်ရဆိုးတယ်။ ဈေးသစ်ကိုတော့ ကြိုဆိုတယ်။ အသားကျသွားရင် အခက်အခဲဆိုတာ ပျောက်သွားမှာပါ”ဟု တာမွေမြို့နယ်တွင် နေထိုင်သူ ကိုကျော်ဖြိုးက ပြောသည်။

ထို့ပြင် ဈေးသစ်ပြီးစီးသွားပါက လမ်းပေါ်တွင် ရောင်းချနေကြသည့် ဈေးသည်များ ဈေးအတွင်း ရောက်ရှိသွား မည်ဖြစ်သည့်အတွက် ယာဉ်ကြောပိတ်ဆို့မှုလည်း လျော့ကျသွားမည်ဖြစ်ကြောင်း တာမွေမြို့နယ်နေ မဂျစ်တူးက မှတ်ချက်ပြုသည်။ ပြည်သူများက ဈေးသစ်ကို လိုလားသော်လည်း အစိုးရနှင့် ဈေးသူ၊ ဈေးသားတို့အကြား နောက်ဆုံးတွေ့ဆုံမှု နှစ်ကြိမ်တွင်မူ ရလဒ်မကောင်းဘဲ ဈေးသူ၊ ဈေးသားများက ၎င်းတို့၏ တောင်းဆိုချက်များမရသဖြင့် ကန့်ကွက်နေဆဲ ဖြစ်သည်။

“ကျွန်တော်တို့အရင်က တာမွေဈေးနေရာက ယုဇနပလာဇာနေရာမှာပါ။ အဲဒီတုန်းက အကြောင်းပြချက် အမျိုးမျိုးနဲ့ အဲဒီနေရာကို မရဘဲ ဒီနေရာ (တာမွေယာယီ ဈေး)ကို ကျွန်တော်တို့ ရောက်လာခဲ့ကြတယ်။ အခုလည်း ကျွန်တော်တို့ လိုချင်တာမရဘဲ ခံရဦးမယ်ဆိုရင်တော့ မခံနိုင်တော့ပါဘူး”ဟု တာမွေဈေးရှိ ဆိုင်ခန်းပိုင်ရှင် တစ်ဦးဖြစ်သူ ဦးသက်ထွန်းက ပြောသည်။

လတ်တလော ၎င်းတို့လိုလားသည့် အချက် ရှစ်ချက် ရရှိရေးနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတရုံးသို့ စာပို့ထား သကဲ့သို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်ထံသို့လည်း ၎င်းတို့ကို အကူအညီပေးရန် တင်ပြထားသည်ဟုဆိုသည်။

နိုဝင်ဘာ ၂၉ ရက်က တွေ့ဆုံပွဲတွင်လည်း ဈေးသူ၊ ဈေးသားများသည် ဥပဒေဘောင်အတွင်းက တောင်းဆိုကြရန်နှင့် မိမိတို့အစိုးရအနေဖြင့်လည်း ဥပဒေဘောင် အတွင်းက လုပ်ဆောင်ပေးမည်ဖြစ်ကြောင်း ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြော ထားသည်။

NLD အစိုးရသည် ပြည်သူတို့၏ သဘောထားမပါဘဲ အတင်းအကျပ်တည်ဆောက်မည်ဟု မထင်ကြောင်း၊ ပြည်သူ့အစိုးရသည် ပြည်သူ့မျက်နှာကို ကြည့်ရမည်ဖြစ် ကြောင်း ဈေးသူ၊ ဈေးသားများက ဆိုသည်။ မည်သို့ပင် ဆိုစေကာမူ ရန်ကုန်မြို့တော်စည်ပင်နှင့် တည်ဆောက်ရေး သမားများက ဈေးသစ်တည်ဆောက်ရေးလုပ်ငန်းများ ဖြစ်သည့် မြေကြီးတူးခြင်း၊ သစ်ပင်ရှင်းလင်းခြင်း၊ ဈေးသစ် အတွက် ဓာတ်အားခွဲရုံတည်ဆောက်ခြင်း လုပ်ငန်းများကို လုပ်ဆောင်နေသကဲ့သို့ ဓာတ်အားခွဲရုံမှာ ပြီးစီးတော့မည် ဖြစ်သည်။

“ဝန်ကြီးချုပ်ရဲ့ သဘောထားက ရှင်းရှင်းလင်းလင်းဖြစ်သွားပါပြီ။ ဝန်ကြီးချုပ်က ဆက်လက်ပြီးတည်ဆောက်မယ်ဆိုတာ သူတို့ရှေ့မှာ ပြောခဲ့ပြီးပါပြီ”ဟု ဦးလှသိန်းက ဆိုသည်။

ဈေးသူ၊ ဈေးသားများကလည်း ၎င်းတို့သဘောမတူ သည့်ကြားမှ ဈေးသစ်တည်ဆောက်မှုကို လုပ်ဆောင်ပါက ဆန္ဒပြတောင်းဆိုမှုများ ပြုလုပ်မည်ဖြစ်ကြောင်း ပြောကြသည်။ ထိုသို့ဖြင့် အဆင့်မြင့် တာမွေဈေးသစ် ဆောက်လုပ်ရေးမှာ အစိုးရနှင့် ဈေးသူ၊ ဈေးသားများကြား က တင်းမာမှုများဖြင့် မည်သည့်အချိန်အထိ ဆက်လက် ရှည်ကြာနေဦးမည်ကို မသိနိုင်သေးပေ။

FROM : MYANMAR TIMES