关于缅甸保险公司的见解

更多精采内容请下载官方APP: 苹果(iPhone)、安卓(Android)安卓国内下载(APK)

“ဒီမြန်မာပြည်မှာတော့ ငွေပိုမှ လုပ်တဲ့ ကိစ္စရပ်လို ဖြစ်နေတယ်” Young Insurance မှ အထွေထွေမန်နေဂျာ ဦးအောင်မိုးသူနှင့် ‌တွေ့ဆုံမေးမြန်းခြင်း

၂၀၁၂ ခုနှစ်မှာ မြန်မာနိုင်ငံ စီးပွားရေးပြုပြင်‌ပြောင်းလဲမှုရဲ့ နောက်ဆက်တွဲအဖြစ် ငွေကြေးနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဖြေလျော့မှုတွေကို အစိုးရက စတင်ဆောင်ရွက်ခဲ့ပါတယ်။ ဒီအထဲမှာ အာမခံလုပ်ငန်းကဏ္ဏမှာ ပုဂ္ဂလိက ကဏ္ဏမှပါဝင်လုပ်ကိုင်ခွင့်ပြုခြင်းလည်းပါဝင်ပါတယ်။ အာမခံလုပ်ငန်းဟာလည်း လူမှုဘဝသာယာဝပြောရေးနဲ့ လူတွေရဲ့ အနာဂတ်အတွက် ဝန်ဆောင်မှုပေးနေတဲ့ လုပ်ငန်းတွေပဲဖြစ်ပါတယ်။ လူထုအတွက် အကျိုးရှိစေမယ့် ငွေကြေးနဲ့ ဘဏ္ဏာရေးဆိုင်ရာ မူဝါဒတွေကို အစိုးရတွေက ဆက်တိုက်အကောင်အထည်ဖော်ခဲ့ရမှာ မကြာသေးခင်က အာမခံစျေးကွက်မှာ နိုင်ငံခြားအခြေစိုက်ကုမ္ပဏီတွေ ဝင်ရောက်လုပ်ကိုင်ခွင့်ပြုခဲ့ပါတယ်။

အာမခံလုပ်ငန်းမှာ ပုဂ္ဂလိကကဏ္ဏကပါဝင်ပတ်သက်မှုကို လမ်းဖွင့်ပေးခဲ့တဲ့ ပြီးခဲ့တဲ့ ၆ နှစ်အတွင်းမှာ ဘာတွေ တိုးတက်ပြောင်းလဲခဲ့ပြီလဲ၊ စိန်ခေါ်မှုတွေကဘာတွေလဲ၊ အာမခံစျေးကွက်အပေါ် သဘောထားအမြင်တွေကို မြန်မာနိုင်ငံမှာ အစောဆုံး အာမခံလုပ်ငန်းလုပ်ကိုင်ခွင့်ရရှိခဲ့တဲ့ အာမခံလုပ်ငန်းတွေထဲက တစ်ခုဖြစ်တဲ့ Young Insurance ကအထွေထွေမန်နေဂျာ ဦးအောင်မိုးသူကို မြန်မာ့ပလက်ဖောင်းက တွေ့ဆုံမေးမြန်းထားပါတယ်။

ပထမဆုံး ပြည်တွင်းမှာ အာမခံလုပ်ငန်းလုပ်ကိုင်နေသူတစ်ယောက်အနေနဲ့ Young Insurance အကြောင်း နည်းနည်းမိတ်ဆက်ပေးပါလား။

Young Insurance ဟာဆိုရင် ၂၀၁၃ ခုနှစ် ပုဂ္ဂလိက အာမခံလုပ်ငန်းတွေ စတင်လုပ်ကိုင်ခွင့်ပြုစဥ်အ ခါကတည်းက အသက်အာမခံ ကုမ္ပဏီတစ်ခုအနေနဲ့ စတင်လုပ်ဆောင်ခဲ့တာ‌ပေါ့။ အဲဒီမှာ ကုမ္ပဏီပေါင်း ၁၂ ခုလုပ်ကိုင်ခွင့်ရတဲ့အထဲက တစ်ခုအပါအဝင်ပေါ့။ နောက်ပြီးတော့ ၂၀၁၃ မှာ အသက်အာမခံကုမ္ပဏီအ ဖြစ်လုပ်ဆောင်နေတာကနေပြီးတော့ ၂၀၁၅ ခုနှစ်မှာ ၂၀၁၅ ခုနှစ်မှာ composite licenseယူခဲ့ပါတယ်။ ၂၀၁၅ ကစပီး အထွေထွေအာမခံရော အသက်အာမခံရော စတင်းဆောင်ရွက်နေတာ ယနေ့တိုင်ပါပဲ။ အထွေထွေအာမခံအမျိုးအ စားအနေနဲ့ ဆိုရင်တော့ ငွေကြေးဆိုင်ရာ အာမခံတွေရှိတယ်။ နောက်ပြီး ကုန်စည်ပို့ဆောင်တဲ့ cargon insurance တွေရှိပါတယ်။ နောက်မီးအာမခံပေါ့ fire insurance ဆိုတာရှိတယ်။ ‌ရေယာဥ်ကိုယ်ထည် အာမခံ။ Marine Hull ခေါ်တာပေါ့။ အလုံးစုံတော်တော်ယာဥ် အာမခံဆိုတာ ရှိပါတယ်။ အဲဲဒါတွေကတော့ အထွေထွေ အာမခံလုပ်ငန်းတွေပါ။ အသက်အာမခံအနေနဲ့ ဆိုရင်တော့ မြန်မာနိုင်ငံမှာ ၁၅ မျိုးလောက်ရှိပါတယ်။ အများကြီးရှိနေပါပြီ။ မြွေအန္တရာယ်အာမခံတို့ ပညာရေးအာမခံတို့ စုပေါင်းအသက်အာမခံတို့ ခရီးသွား အာမခံ၊ အထူးခရီးသွား အာမခံ၊ ကျန်းမာရေးအာမခံ၊ နောက် မိုက်ခရိုဟက်အင်ရှုးရန်တို့ critical illness insurance တို့ farmer life insurace တို့ sport men life insurance အားကစားသမားအာမခံ၊ နှစ်တို ငွေပင်ငွေရင်းအာမခံ၊ စာသင်သားအာမခံ၊ ပြည်သူပြည်သားနှစ်ခြင်းအာမခံတို့ ဆိုပြီးတော့ ရှိပါတယ်။

မြန်မာနိုင်ငံမှာ အာမခံလုပ်နေတဲ့ ကုမ္ပဏီတစ်ခုအနေနဲ့ မြန်မာအာမခံစျေးကွက်ကို ဘယ်လိုမြင်ပါသလဲ။

ပထမမေးခွန်းနဲ့ ပြန်ပြီးတော့ ကိုးကားပြောရင် အာမခံလုပ်ငန်းတွေ စတင်တည်ထောင်ခွင့်ပြုခဲ့တဲ့ ၂၀၁၃ ဆိုတဲ့ အချိန်မှာ အာမခံကုမ္ပဏီတွေအနေနဲ့ တော်တော်လေးရုန်းကန်ရပါတယ်။ ဘာလို့လဲဆိုတော့ ပြည်သူပြည်သားတွေပေါ့။ တိုင်းပြည်က ပြည်သူပြည်သားတွေဟာ အာမခံနဲ့ ပတ်သက်တဲ့ ထိတွေ့မှု၊ အာမခံ အသိပညာနည်းပါးသေးတဲ့ အခါကျတော့ တော်တော်လေး ရုန်းကန်ခဲ့ရပါတယ်။ ယနေ့ ဒီဘက်ခေတ် ဒီအချိန်အခါကို ရောက်လာတဲ့အခါကျတော့ ဒီကုမ္ပဏီပေါင်းစုံက ပြည်သူတွေကို အာမခံ အသိပညာတိုးပွားလာအောင် နည်းလမ်းပေါင်းစုံတွေနဲ့ ဆောင်ရွက်ကြတယ်။ ဆောင်ရွက်ကြတဲ့အတွက် အခုချိန်မှာဆိုရင်တော့ တော်တော်များများက  အာမခံ အသိပညာပေးလေးတွေ ရရှိလာပြီဖြစ်တဲ့အတွက် အခုချိန်မှာတော့ လုပ်ဆောင်ရတာလေး‌တွေက ထိုက်သင့်သလောက် အဆင်ပြေလာပါပြီ။ ‌နောင်ဒီထက်အဆင်ပြေမှာပါ။ ဘာလို့လဲဆိုတော့ အသက်အာမခံအနေနဲ့ ပြောရင် အခုမြန်မာနိုင်ငံမှာရှိတဲ့ လူဦးရေ သန်း ၅၀ ကျော်ဆိုတဲ့အထဲမှာ တကယ်တမ်းကျတော့ အသက်အာမခံထားတဲ့ အရေအတွက်က ရာခိုင်နှုန်းအများကြီးနည်းပါသေးတယ်။ ထိုနည်းတူစွာပါပဲ မြန်မာပြည်မှာရှိတဲ့ အိမ်တွေ၊ စက်ရုံတွေ၊ အလုပ်ရုံတွေပေါ့။ ဒါတွေကိုလည်း အာမခံ မထားသေးတာတွေ အများကြီးရှိပါသေးတယ်။ ဒီိလိုပဲ အာမခံ မထားကြသေးတာ၊ မထားရသေးတာ အများကြီးရှိတဲ့အတွက် အနာဂတ်စျေးကွက်အလားအလာကလည်းကောင်းပါတယ်။ လူတွေရဲ့ အာမခံ အသိပညာကြွယ်ဝလာတာနဲ့အမျှ အာမခံလုပ်ငန််းတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုကလည်း တဖြေးဖြေးကြီးမားလာမှာပါ။

အခုဆိုရင် ပြည်တွင်းအာမခံလုပ်ငန််းတွေ အပြင် ပြည်ပလုပ်ငန််းတွေကိုလည်း ရာနှုန်းပြည့်နဲ့လုပ်ကိုင်ခွင့် မကြာသေးခင်က ခွင့်ပြုလိုက်တယ်။ ဒီလိုမျိုးပြည်ပ အာမခံလုပ်ငန်းတွေ ဝင်ရောက်လာတဲ့အပေါ်မှာရော ပြည်တွင်းက အာမခံလုပ်ငန်းလုပ်ကိုင်သူတစ်ယောက်အနေနဲ့ ဘယ်လိုမြင်လဲ။

ဒီနေရာမှာ နှစ်ပိုင်းခွဲပြောရလို့ရှိရင် တစ်ပိုင်းက အထွေထွေ အာမခံ။ နိုင်ငံတော်အစိုးရအနေနဲ့ က အာမခံလုပ်ငန်းတွေကို ဖွံ့ဖြိုးတိုးတက်စေချင်တဲ့ အတွက်ကြောင်း ပြည်ပက လုပ်ငန်းရှင်တွေကို ခေါ်ယူမယ်ဆိုတဲ့ အခြေအနေတစ်ရပ်မှာ အာမခံ ကုမ္ပဏီတွေကို အသက်အာမခံ ကုမ္ပဏီရယ်၊  အထွေထွေအာမခံကုမ္ပဏီရယ် နှစ်ခု သီးခြားရပ်တည်ဖို့  ညွှန်ကြားပါတယ်။ အာမခံ ကြီးကြပ်ရေးအဖွဲ့က။ အဲ့တော့ သီးခြားရပ်တည်ကြတယ်။ အဲလို သီးခြားရပ်တည်တဲ့အပေါ် ဘာလို့ထည့်ပြောရလဲဆိုရင် အထွေထွေ အာမခံလုပ်ဖို့ဆိုရင် နိုင်ငံခြား အာမခံကုမ္ပဏီတွေဟာ JV စနစ်နဲ့ပဲ ပါဝင်လို့ရပါတယ်။ စောစောက ရာနှုန်းပြည့်ဆိုတာကျတော့ အသက်အာမခံလုပ်ငန်းအမျိုးအစားကိုသာလျှင် ရာနှုန်းပြည့် ဝင်ရောက်လုပ်ကိုင်ခွင့်ပြုထားပါတယ်။ ဒီနေရာမှာ မြန်မာနိုင်ငံမှာရှိတဲ့ အာမခံ လောကသားတစ်ယောက်အနေနဲ့ ဖြေရမယ်ဆိုရင် ကြိုဆိုပါတယ်။ ကြိုဆိုရတဲ့ အကြောင်းအရင်းတွေကတော့ မြန်မာပြည်မှာ အာမခံလုပ်ငန်းဆိုတာ မြန်မာအာမခံပေါ်ပေါက်ခဲ့တာ နှစ်ပေါင်း ၆၀ ကျော်ရှိပြပေမဲ့ ကုမ္ပဏီတွေ ပေါ်ပေါက်လာတဲ့ ၂၀၁၃ ဆိုတော့ တကယ်တမ်း ပြန်တွက်ကြရင် လူတွေကို awareness ရစေတဲ့ သက်တမ်းကအရမ်းနုပါတယ်။ အဲတော့ နိုင်ငံတကာက ဝင်လာပြီဆိုရင် နိုင်ငံတကာက နည်းစနစ်တွေ နည်းပညာတွေ သူတို့ရဲ့ လုပ်ပုံကိုင်ပုံတွေ သူတို့ရဲ့ အာမခံ product တွေ ဒါတွေကို ကိုယ်တွေ သိခွင့်လေ့လာခွင့် ပူးပေါင်းခွင့် ဆောင်ရွက်ခွင့်တွေ ရမှာ ဖြစ်တဲ့အတွက် ကြိုဆိုပါတယ်။ သူတို့ ဆီက ပိုမိုကောင်းမွန််သော အာမခံ အကာအကွယ်တွေ ပြည်သူတွေကို ပေးနိုင်မယ်ဆိုရင် ပိုပြီးတော့ ဝမ်းမြောက်ဖွယ်ရာပါ။

ပြီးခဲ့တဲ့ ၆ နှစ်တာကာလအတွင်းမှာ အခက်အခဲတစ်ချို့ကိုလည်း ပြောထားတယ်။ အခွင့်အလမ်းကရော ဘာတွေ များဖြစ်မလဲ။

အခွင့်အလမ်းကတော့ ဘာဖြစ်မလဲဆိုတော့ အဓိကကတော့ ကိုယ်တို့ လက်ရှိအာမခံလောကမှာဆိုရင် နိုင်ငံ‌တော်အစိုးရပိုင် မြန်မာ့အာမခံလုပ်ငန်းဆိုတာရှိတယ်။ အဲဒီမြန်မာ့အာမခံလုပ်ငန်းက လုပ်ကိုင်နေတဲ့ ဒီအာမခံလုပ်ငန်း အမျိုးအစားတွေထဲက တစ်ချို့ကို ပုဂ္ဂလိက လု့ပ်ငန်းတွေကို ပေးလုပ်ထားတယ်။ အဲဒီမှာ အခွင့်အလမ်းက ဘာရှိလာလဲဆိုတော့ ကုမ္ပဏီတွေရဲ့ စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ အခွင့်အလမ်းဆိုတာထက် ပြည်သူတွေရဲ့ အခွင့်အလမ်းကို ပြောချင်တယ်။ ပြည်သူတွေက အခွင့်အလမ်းပိုများလာတယ်။ အရင်က မြန်မာ့အာမခံတစ်ခုထဲနဲ့ ဆောင်ရွက်ရတယ်။ အခုဆိုရင် ပုဂ္ဂလိက အာမခံတွေ ပေါ်ပေါက်လာတဲ့အတွက် ပုဂ္ဂလိက အာမခံတွေနဲ့ သူတို့ ပူးပေါင်းဆောင်ရွက်လို့ ရတယ်။ အဲတော့ ပြည်သူတွေအတွက် အခွင့်အလမ်းက သူတို့အတွက် ပိုမိုထိရောက် မြန်ဆန်တဲ့ ဝန်ဆောင်မှုကို ရရှိတယ်ပေါ့နော်။ ဒါက ပြည်သူတွေအတွက် အခွင့်အလမ်းတစ်ခု။ ဒီစီးပွားရေးလုပ်ငန်းဘက်က အခွင့်အလမ်းလို့ ပြောရရင်တော့ အာမခံလုပ်ငန်းဆိုတာက အခြားစီးပွားရေးလုပ်ငန်းတွေနဲ့ မတူတဲ့ အကြောင်းအရင်းတွေရှိတယ်။ သူက နှစ်အရှည်ကြီး long term သွားရတဲ့ လုပ်ငန်းတစ်ခုဖြစ်တယ်။ ဒါပေမဲ့ မြန်မာပြည်မှာ မထွန်းကားသေးတဲ့ လုပ်ငန်းဖြစ်တဲ့အတွက် အာမခံကုမ္ပဏီတွေအတွက် တကယ်ကောင်းတဲ့ အခွင့်အလမ်းတစ်ခုပါ။ အဲဒီအထဲမှာ ခုနဖြေသွားသလိုပဲ သန်း ၅၀ ကျော်သောသူတွေ၊ ကားတွေ၊ အိုးအိမ်တွေ ကြည့်ရင် အလွန်နည်းပါးသော ရာခိုင်နှုန််းနဲ့ အာမခံထားကြသေးတာဖြစ်တဲ့အတွက် စျေးကွက်ကလည်း အများကြီးရှိသေးတာဖြစ်တဲ့အတွက် အာမခံ ကုမ္ပဏီတွေအတွက် တကယ်ကောင်းတဲ့ အခွင့်အရေးတစ်ခုပါပဲ။

အာမခံလုပ်ငန်းအမျိုးအစားတွေထဲမှာ နောက်ထပ်ချဲ့ပြီးလုပ်ချင်တဲ့ အာမခံအမျိုးအစားလေးတွေရှိရင်လည်း သိချင်ပါတယ်။ 

ဒီနေရာမှာ အာမခံအမျိုးအစားအသစ်တွကို လုပ်ကိုင်ဆောင်ရွက်ချင်ရင် ဆောင်ရွက်ခွင့်ပြုထားပါတယ်။သူ့ စည်းမျဥ်းစည်းကမ်းနဲ့ အညီပေါ့။ အခြေခံစည်းကမ်း သူ့ ကန့်သတ်ချက်လေးတွေတော့ရှိတာပေါ့။ ဘယ်လို အဆင့်လိုက်အဆင့်လိုက်သွားမယ်ဆိုတာရှိတာပေါ့။ လုပ်ခွင့်ပြုထားပါတယ်။ ဒါပေမဲ့ အဓိက ပြဿနာက ဘာလဲလို့ မေးရင် အာမခံ အမျိုးအစားတစ်ခု အသစ်အမျိုးအစားတစ်ခုလုပ်တော့မယ်ဆိုရင်  premium နှုန်းထားကို ဘယ်လို ကောက်ခံမလဲ။ တွက်ချက်တဲ့ဟာပေါ့။ အဲဒီပညာရှင် အရမ်းရှားပါးပါတယ်။ မြန်မာပြည်မှာ အရမ်းမှ အရမ််းရှားပါတယ်။ အရမ်းရှားပါးတဲ့အခါကျတော့ ဒီ product အသစ်တွေဆောင်ရွက်မယ်ဆိုရင်တော့ နိုင်ငံတကာ နိုင်ငံခြားပညာရှင်တွေ လိုအပ်တယ်။ ဒီတော့ တစ်ဖြေး‌ဖြေးနဲ့ joint adventure လုပ်လာတဲ့ ကုမွဏီတွေ ရာနှုန်းပြည့်ဝင်လာတဲ့ ကုမ္ပဏီတွေဟာ ဒါတွေကို ပိုပြီးတော့ လုပ်နိုင်လိမ့်မယ်လို့ ယူဆပါတယ်။ အဲလိုလုပ်နိုင်ရင် အာမခံ ကုမ္ပဏီအတွက်လည်း ကောင်းတယ်ပေါ့။ ပြည်သူပြည်သားတွေအတွက်လည်းကောင်းတယ်။အမျိုးအစားသစ်တွေ ပေါ်လာမှာပေါ့။

စျေးကွက်ကလည်း စတာမကြားသေးဘူး။ အသိပညာပေးလည်း နည်းသေးလို့ အာမခံထားတာနည်းတယ်ပေါ့။ စားသုံးသူတစ်ယောက်အနေနဲ့ဆိုရင်ရော လက်ရှိ အာမခံစျေးနှုန်းတွေက သူတို့ တတ်နိုင်တဲ့ စျေးနှုန်းဖြစ်ရဲ့လား။ ဝန်ဆောင်မှုတွေကရော ဖောက်သယ်တွေအတွက် လွယ်ကူသက်သာမှုရှိရဲ့လား။

တကယ်တော့  အာမခံလို့ ပြောလိုက်ရင် လူတွေရဲ့ အမြင်က လက်ရှိ တော်တော်များများရဲ့ အမြင်က အပိုလို့ တွေးတတ်ကြပါတယ်။ တကယ်တော့ အာမခံဆိုတာ တကယ်ကို အခြေခံလိုအပ်တဲ့ အရာတစ်ခုပါ။ ဘာလို့လဲဆိုတော့ သူက မဖြစ်အောင်တော့ ကာကွယ်ပေးတာတော့ မဟုတ်ဘူး။ ဖြစ်သွားခဲ့ရင် ငွေကြေးနဲ့ ကုစားပေးတဲ့ စနစ်တစ်မျိုးပေါ့။ ဥပမာ အိမ်တစ်လုံးမီးမလောင်အောင် အာမခံက လုပ်မပေးနိုင်ဘူး။ အာမခံထားထားလို့ မီးလောင်သွားရင် သူသည် ဒီအိမ်ပြန်လည်ဆောက်ဖို့အတွက် အာမခံလုပ်ငန်းကနေ ငွေကြေးပေးလျော်မှာဖြစ်တဲ့အတွက် ဒီအိမ်ကို အစားထိုးပေးနိုင်တာပေါ့။ ဒါက ပစ္စည်း။ လူလည်း ဒီလိုပဲ။ ကျွန်တော်တို့ အသက်ကို တန်ဖိုးသတ်လို့တော့ မရဘူး။ သို့သော်လည်း မြန်မာပြည်မှာ လက်ရှိလုပ်ဆောင်နေတဲ့ အာမခံအမျိုးအစားတွေအရ ကိုယ့်အသက်ကို သိန်း ၅၀ နဲ့ သိန်း ၁၀၀ နဲ့ စသည်ဖြင့် ပမာဏတစ်ရပ်နဲ့ အာမခံထားကြတယ်။ တစ်စုံတစ်ရာကြောင့် တစ်ခုခုတိမ်းပါးသွားခဲ့သည်ရှိသော် ကျန််ရစ်တဲ့ မိသားစုအတွက် ငွေကြေးအားဖြင့် ကုစားမှုတစ်ခုတော့ ရရှိသေးတယ်။ စျေးနှုန်းကတော့ ပရီမီယံပေးသွင်းရတဲ့ နှုန််းထားတွေသည် နိုင်ငံတကာ နှုန််းထားတွေနဲ့တော့ မတူဘူးပေါ့။ ယှဥ်လို့မရသေးဘူး။ မြန်မာပြည်နှုန််းထားအနေနဲ့ ပြောရင်တောင်မှ တကယ်တမ်းကျတော့ ပေးသွင်းရတဲ့ ပရီမီယံနှုန်းထားက အရမ်းသက်သာပါတယ်။ ဥပမာ မော်တော်ကားတစ်စီး အာမခံထားမယ်ဆိုရင် တစ်နှစ်ကို ကားတန်ဖိုးရဲ့ ၁ ရာခိုင်နှုန်းဝန်းကျင်ပဲပေးရပါတယ်။ အမျိုးအစားတွေတော့ရှိတာပေါ့နော်။ ကိုယ်ပိုင်ကား၊ အငှးယာဥ်တွေ ဒါတွေတော့ ရှိတာပေါ့။ လုပ်ငန်းသုံးတွေလည်း အမျိုးအစားတွေ အများကြီးခွဲတာပေါ့။ ယေဘုယျအားဖြင့် ၁ ရာခိုင်နှုန်းဝန်းကျင်ပဲ ပေးရတယ်။ နောက်တစ်ခုက လူတစ်ယောက်က အသက်အာမခံထားမယ်ဆိုရင်လည်း ကိုယ်ထားချင်တဲ့ တန်ဖိုးရဲ့ တစ်ရာခိုင်နှုန်းဝန်းကျင်ပဲ ပေးရတယ်။ ဒီ တစ်ရာခိုင်နှုန်းဝန်းကျင်မှာပဲရှိတဲ့အတွက်ကြောင့် တကယ်တော့ ပေးသွင်းရတဲ့ ပမာဏအားဖြင့် များတယ်လို့ ဆိုလို့မရဘူး။ ဒီမှာ ကိုယ်တွေ အာမခံလုပ်လာတဲ့ သက်တမ်းတစ်လျှောက်မှာ ဘာအတွေ့အကြုံတွေ့လာလဲဆိုတော့  အာမခံထားမဲ့ ပုဂ္ဂိုလ်က သူက ပရီမီယံကို နည်းပါးစွာပဲ သွင်းချင်တဲ့ သဘောရှိတယ်။ သူတို့က ဒါကို အပိုပေးရတယ်လို့ ယူဆကောင်းယူဆမယ်ပေါ့။ အမှန်တော့ အပိုပေးရတာမဟုတ်ဘူး။ ကိုယ့်ကိုကိုယ် အကာအကွယ်ယူလိုက်တဲ့သဘောပါပဲ။ ဒီမှာ ပစ္စည်းကောင်းလိုချင်ရင် စျေးကောင်းပေးရမယ်ဆိုတဲ့ဟာလိုပါပဲ ပရီမီယံနည်းနည်းပဲသွင်းရင်တော့ သူပြန်ရမယ့် အကျိုးက နည်းတာပေါ့။ ပရီမီယံများများသွင်းရင် သူပြန်ရမယ့် အကျိုးကများတာ‌ပေါ့။ ဒါကိုလည်း ပြည်တွေ တခါတည်း သိစေချင်ပါတယ်။

ဖြည့်စွက်ပြောချင်တာရှိရင် သိချင်ပါတယ်။

မြန်မာပြည်ရဲ့ ဝင်ငွေပေါ့။ မြန်မာပြည်ရဲ့ ဝင်ငွေအနေအထားတွေနဲ့ ချိန်ပြီးတော့ ပြောမယ်ဆိုရင် ဒီမြန်မာပြည်မှာတော့ ငွေပိုမှ လုပ်တဲ့ ကိစ္စရပ်လို ဖြစ်နေတယ်။ အဲတော့ လူတွေရဲ့ ဝင်ငွေနဲ့ ပိုလျံမှုပေါ်မှာပဲ  အာမခံက မှီတည်နေတာပေါ့။ ဒါကလည်း သူတို့ အတွေးတွေ မှန်လားမှားလာတော့ မဝေဖန်လိုဘူး။ တကယ်တော့ အာမခံက အခြေခံလိုအပ်ချက်ဆိုတာ ပြည်သူတွေကို အသိပေးချင်ပါတယ်။

FROM :  MYANMAR PLATFORM