在缅甸珍珠拍卖会第一天就成功卖出价值59.3990万欧元的国有100套珍珠

မြန်မာ့ပုလဲ ပြသရောင်းချပွဲ (ဒီဇင်ဘာ ၂၀၁၉) ပထမနေ့တွင်ယူရိုငွေ ၅၉၃၉၉၀ တန်ဖိုးရှိ နိုင်ငံပိုင်ပုလဲ အတွဲ ၁၀၀ ရောင်းချနိုင်ခဲ့


သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်း က ကြီးမှူးကျင်းပသည့် မြန်မာ့ပုလဲပြသရောင်းချပွဲ (ဒီဇင်ဘာ ၂၀၁၉) Myanmar Pearl Auction (December – 2019) ကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ မြန်မာ့ကျောက်မျက်ရတနာပြတိုက်၌ ကျင်းပရာ ပြည်တွင်း ပြည်ပ ပုလဲရတနာကုန်သည်များဖြင့် စည်ကားလျက်ရှိသည်။

လှည့်လည်ကြည့်ရှု
နံနက် ၁၀ နာရီခွဲတွင် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးအုန်းဝင်းသည် တာဝန်ရှိသူများနှင့်အတူ မြန်မာ့ ပုလဲခင်းကျင်းပြသရောင်းချနေမှုများကို လှည့်လည်ကြည့်ရှု သည်။
အဆိုပါပြပွဲ၌ နိုင်ငံပိုင်ပုလဲအတွဲ ၂၇၀ တွဲ နှင့် မြန်မာ အန်ဒါမန်ပါးလ်ကုမ္ပဏီမှ ၈၅ တွဲ၊ ပြည်ဖြိုးထွန်းကုမ္ပဏီ မှ ၃၀ တွဲ၊ အဏ္ဏဝါပုလဲကုမ္ပဏီမှ ၃၀ တွဲ စုစုပေါင်း ၄၁၅ တွဲ ကို ပြသရောင်းချသွားမည်ဖြစ်ပြီး ဒီဇင်ဘာ ၁၁ ရက်တွင် အတွဲအမှတ်(၁)မှ အတွဲအမှတ်(၁၀၀)ထိကိုလည်းကောင်း၊ ဒီဇင်ဘာ ၁၂ ရက်တွင် အတွဲအမှတ် (၁၀၁) မှ (၃၀၅) ထိကို လည်းကောင်း၊ ဒီဇင်ဘာ ၁၃ ရက်တွင် အတွဲအမှတ်(၃၀၆)မှ အတွဲအမှတ် (၄၁၅) ထိကိုလည်းကောင်း ကြမ်းခင်းဈေး ယူရိုငွေ ၁ ဒသမ ၉၅ သန်းဖြင့် ပြသရောင်းချသွားမည် ဖြစ်သည်။

ကုန်သွယ်လုပ်ငန်းခွန် ပေးသွင်း
ပြည်တွင်းပုလဲကုန်သည်များကို ယူရိုငွေနှင့် ညီမျှသည့် မြန်မာကျပ်ငွေဖြင့် ရောင်းချသွားမည်ဖြစ်ပြီး ပြည်ပ ပုလဲကုန်သည်များကို ယူရိုငွေဖြင့် ရောင်းချသွားမည် ဖြစ်ကြောင်း၊ ပုလဲရောင်းချပွဲသို့ တက်ရောက်ဝယ်ယူကြ မည့် ပြည်တွင်းပုလဲကုန်သည်များအနေဖြင့် အာမခံ တင်ဒါစပေါ် မြန်မာကျပ်ငွေ နှစ်ဆယ့်ငါးသိန်း ကြိုတင် ပေးသွင်းကြရမည်ဖြစ်ပြီး ပြည်ပကုန်သည်များအနေဖြင့် ယူရိုငွေ နှစ်ထောင် ကြိုတင်ပေးသွင်းကြရမည် ဖြစ်ကြောင်း၊ တင်ဒါအောင်မြင်သူ ပုလဲကုန်သည်များသည် တင်ဒါ အောင်မြင်သော ပုလဲအတွဲတန်ဖိုး၏ ၅ ရာခိုင်နှုန်း ကို ကုန်သွယ်လုပ်ငန်းခွန်အဖြစ် ပေးသွင်းကြရမည်ဖြစ် ကြောင်း သိရသည်။
ယနေ့တွင် ယူရိုငွေ ၅၉၃၉၉၀ တန်ဖိုးရှိ နိုင်ငံပိုင် မြန်မာ့ပုလဲအတွဲ ၁၀၀ တွဲ ရောင်းချခဲ့ရသည်။

FROM : MYANMAALINN