快乐地去购物

စျေးဝယ်ထွက်မယ် ပျော်ရွှင်ဖွယ်

လွန်ခဲ့တဲ့သုံးနှစ်ကစပြီး Grace လက်မှုပစ္စည်းတွေကို ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက စစ်ဘေးရှောင်ဒုက္ခသည်စခန်းတွေမှာ နေထိုင်တဲ့အမျိုးသမီးတွေက ပြုလုပ်နေခဲ့တာပါ။ သင်တန်းပေး၊ လုပ်အားခပေးတဲ့ ဒီအစီအစဉ်ကို စာဖတ်ပရိသတ်လည်း ထောက်ပံ့ချင်ရင်တော့ အိမ်သုံးကုန်နဲ့ လူသုံးကုန်ပစ္စည်းလေးတွေကို အားပေးကြပါဦးလို့။

ချည်သားအိတ်လေး

လက်တစ်ဝါးသာသာ အိတ်အရွယ်လေးတွေက မိတ်ကပ်၊ နှုတ်ခမ်းနီစတဲ့ မိန်းကလေးတွေအသည်းစွဲ အလှကုန်ပစ္စည်းတွေကို ခရီးသွားရင်း၊ နေ့စဉ် ရုံးတက်ရင်း တစ်စုတစ်စည်းတည်း ဆောင်ထားနိုင်မယ့် ချည်အိတ်လေးပါ။ ချည်သားအိတ်ဖြစ်တာမို့ ညစ်ပေသွားရင်လည်း ပြန်လျှော်၊ မီးပူတိုက်လို့ရသလို အရောင်စုံ၊ အဆင်စုံရှိတဲ့အတွက် ကိုယ့်စိတ်ကြိုက် ရွေးချယ်နိုင်ပါတယ်။ စျေးနှုန်းက တစ်အိတ်ကျပ် ၅,ဝဝဝ ပါ။

ဓာတ်ပုံ - ပေးပို့

သဘာဝဆပ်ပြာ

ထိုင်းနိုင်ငံက တင်သွင်းတဲ့အလှဆီကို ပြည်တွင်းဒေသထွက် ထုတ်ကုန်တွေနဲ့ပေါင်းစပ်ပြီး ဆပ်ပြာခုနစ်မျိုး ပြုလုပ်ထားပါတယ်။ ကော်ဖီ၊ ပျားရည် စတဲ့ ဆပ်ပြာတွေက ဒီနှစ်အတွင်း လူသုံးအလွန်များလာပေမဲ့ Grace ဆပ်ပြာထဲမှာ ထူးထူး ခြားခြား ဒန့်ဒလွန်မှုန့် ပျားရည်ဆပ်ပြာ၊ ကြယ်ပဲဆပ်ပြာနဲ့ နနွင်းပျားရည်ဆပ်ပြာတွေလည်း ရှိနေပါတယ်။ စျေးနှုန်းက အကြီးဆိုက်က  ကျပ် ၂,ဝဝဝ ဖြစ်ပြီး အသေးကတော့ ကျပ် ၁,ဝဝဝ ပါ။

ဓာတ်ပုံ - ပေးပို့

စပါးလင် ပရုတ်ဆီ

အထွက်တိုး မြေသြဇာ၊ ပိုးသတ်ဆေးတွေ ကင်းဝေးတဲ့ အော်ဂဲနစ် စပါးလင် ပရုတ်ဆီလေးကလည်း မူးဝေညောင်းညာမှုတွေကို မောင်းထုတ်ပေးနိုင်ပါတယ်။ ကွန်ပျူတာနဲ့ စာကြည့်များသူတွေ၊ ခေါင်းမူး ခေါင်းကိုက်တတ်သူတွေ ဆောင်ထားသင့်တဲ့ ပရုတ်ဆီဘူးလေးက သယ်ရလွယ်ကူပြီး အသက်အရွယ်မရွေး သုံးသင့်ပါတယ်။ ခု အအေးပိုလာတဲ့ ညဘက်တွေမှာလည်း စပါးလင်ပရုတ်ဆီလေးနဲ့ နွေးနွေးလေး နေလို့ရပြီပေါ့။ စျေးနှုန်းက အကြီးတစ်ဘူး ကျပ် ၃,ဝဝဝ ဖြစ်ပြီး အသေးတစ်ဘူး ကျပ် ၁,၅ဝဝ ပါ။

ဓာတ်ပုံ - ပေးပို့

ချဉ်စော်ကားသီး ဖျော်ရည်

ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတွေမှာ ချဉ်စော်ကားသီးအပင်ကြီးတွေ အများဆုံးပေါက်ရောက်လေ့ရှိပြီး ဟင်းချက်စရာ၊ သရေစာစသဖြင့် နည်းမျိုးစုံနဲ့ သုံးစွဲကြပါတယ်။ ဒီ ချဉ်စော်ကားသီးတွေကိုတော့ ကချင် ပြည်နယ်၊ ဗန်းမော်မြို့တစ်ဝိုက်က ရရှိတာဖြစ်ပြီး တာရှည်ခံဆေးဝါးတွေ မပါဝင်ဘဲ ကျန်းမာရေးအတွက် အဓိက ထုတ်လုပ်ထားတာပါ။ သန့်ရှင်းပြီး လတ်ဆတ်တဲ့ ချဉ်စော်ကားသီး ဖျော်ရည်ကို နေ့လယ်ခင်းတွေမှာ အမောပြေ သောက်သုံးနိုင်ပါပြီ။ စျေးနှုန်းက တစ်ဘူးကို ကျပ် ၃,ဝဝဝ ပါ။

ဓာတ်ပုံ - ပေးပို့

လက်ပ်တော့အိတ်

ခရီးသွားရင်၊ ရုံးသွား ကျောင်းသွားရင် လက်ပ်တော့တွေက သယ်ရခက်တဲ့အထဲမှာ ပါပါတယ်။ ဒီတော့ ချည်သားစစ်စစ်ကို မိုးကာသား အတွင်းတစ်ထပ် ခံချုပ်ပေးထားတဲ့ Grace ရဲ့ အိတ်ကလေးတွေက အကောင်းဆုံး အကူအညီပေးနိုင်မှာပါ။ အရောင်မျိုးစုံနဲ့ ပြောင်အိတ်လေးတွေပေါ်မှာ တိုင်းရင်းသားဒီဇိုင်းလေးတွေ ထပ်ဖြည့်ပေးထားပါတယ်။ ဆိုက်သုံးမျိုး ထုတ်လုပ်ထားပြီး Mac Book နဲ့ ၁၄ လက်မ ဆိုက်အိတ်တွေက တစ်လုံးကို ကျပ် ၁ဝ,ဝဝဝ ကျသင့်ပါတယ်။ ၁၆ လက်မ လက်ပ်တော့တွေအတွက်တော့ ကျပ် ၁၂,ဝဝဝ ဆိုပြီး သတ်မှတ်ထားပါတယ်။

ဒီ Grace အိမ်သုံးနဲ့ လူသုံးပစ္စည်းတွေကို ဝယ်ယူအားပေးချင်ရင်တော့ အက်ဖ်ဝမ်း၊ သီရိမွန်ပလာဇာ၊ သီရိမွန်လမ်း၊ ဘုရင့်နောင်၊ မြေနီကုန်းမြို့နယ်၊ ရန်ကုန်မြို့၊ ဝ၉ ၇၉၆၅၉ဝ၆ဝ၄ ကို ဆက်သွယ်နိုင်ပါတယ်။

From: Myanmar Times