阳光下仰光的10个景点

မီးရောင်စုံတွေကြား လည်ပတ်ချင်စရာ ရန်ကုန်မြို့က နေရာ ၁ဝ ခု

ခရစ္စမတ်မှာ ပရိုမိုးရှင်းတွေပေးထားတဲ့ ဟိုတယ်တွေအကြောင်း ဖော်ပြပြီးပြီဆိုတော့ ဆက်တိုက်ဖြစ်အောင် ဒီတစ်ပတ်တော့ ခရစ္စမတ်နဲ့ နှစ်သစ်ကူးကို ကြိုဆိုတဲ့ မီးလှလှလေးတွေ ရှိတဲ့နေရာတွေအကြောင်း ပြောကြရအောင်နော်။

တဖျတ်ဖျတ်လက်နေတဲ့ လျှပ်စစ်မီးရောင်စုံလေးတွေက ကြယ်တွေစုပြုံနေသလို ခံစားရစေပြီး ညအေးအေးမှာ ဓာတ်ပုံလှလှလေးတွေရိုက်ပြီး အမှတ်တရတွေ ဖန်တီးလို့ရပါတယ်လို့။ ပြုံးပျော်နေတဲ့လူတွေရယ်၊ ပိတ်ရက်တွေကြောင့် ဖိစီးမှုကင်းနေတဲ့ မျက်ဝန်းတွေရယ်၊ မိသားစု ဒါမှမဟုတ် ချစ်ခင်သူအတွက် သီးသန့်ပေးဖြစ်တဲ့အချိန်တွေကို ငွေကြေးကုန်ကျစရာမလိုဘဲ တခမ်းတနား တောက်ပလိုက်ရအောင်ပါ။

ဂျန်းရှင်း စီးတီး

ဒီရှော့ပင်းစင်တာရှေ့ကနေ ဗိုလ်ချုပ်လမ်းတောက်လျှောက် သစ်ပင်တိုင်းမှာ ရစ်သိုင်းထားတဲ့ မီးရောင်စုံလင်းလင်းလက်လက်တွေက နေ့ခင်းဘက်တွေနဲ့ လုံးဝခြားနားနေစေပါလိမ့်မယ်။ ကားလမ်းတစ်ဖက်နဲ့တစ်ဖက်ကို သွယ်တန်းထားပြီး စာတန်းတွေ၊ ခေါင်းလောင်းလေးတွေ၊ နှင်းပွင့်လေးတွေကို ရောင်စုံမီးတွေနဲ့ အလှဆင်ထားမှာမို့ ဓာတ်ပုံရိုက်ဖို့ အကောင်းဆုံးနေရာတစ်ခုပါ။ ကားလမ်းမတည့်တည့်ပေါ်မှာ နေရာယူမယ်ဆိုရင် ပုံအမိုက်စားရမှာ သေချာပေမဲ့ အရှိန်နဲ့ မောင်းလာမယ့် ကားတွေကိုတော့ သတိထားစေချင်ပါတယ်။

စိန့်မေရီ ဘုရားကျောင်း

သက်တမ်း ၁ဝဝ ကျော်ပြီဖြစ်တဲ့ စိန့် မေရီဘုရားကျောင်းကြီးက လာရောက်လည်ပတ်သူတွေကို အင်္ဂလန်နိုင်ငံကို အလည်ရောက်နေသလားလို့တောင် တွေးမိစေပါလိမ့်မယ်။ ဘုရားကျောင်းရှေ့မျက်နှာစာ၊ ဘေးဘက်က မြက်ခင်းပြင်စိမ်းစိမ်းတွေနဲ့ နောက်ဘက်က ငါးကန်အပါအဝင် ဥယျာဉ်လေးက စိတ်အေးချမ်းမှုတွေပေးနိုင်သလို အံ့အားသင့်စရာကောင်းမယ့် ဓာတ်ပုံလှလှတွေလည်းရမှာပါ။ ဒီဇင်ဘာ ၁ ရက်က စတင်ပြီး ဆီမီးအလင်းတိုင်တွေနဲ့ ဘုရားသီချင်းတွေ သီဆိုရင်း ဘုရားကျောင်းဝင်းထဲ စီတန်းလှည့်လည် ဆုတောင်းမယ့်အစီအစဉ်တွေ၊ ဒီဇင်ဘာ ၂၄ ရက် ည ၁၁ နာရီခွဲကစပြီး သန်းခေါင်ယံ ဘုရားဝတ်ပြုပွဲ ရှိနေတာမို့ ထူးခြားတဲ့ မြင်ကွင်းတွေ တွေ့မြင်ရမှာပါ။

အင်းလျားကန်ဘောင်

အင်းလျားကန်ဘောင်တစ်လျှောက် ထွန်းထားတဲ့ ရောင်စုံမီးလင်းလင်းလေးတွေက ရေကန်မျက်နှာပြင်မှာ ပြန်ထင်ဟပ်နေမယ့် မြင်ကွင်းတွေကို လက်လွတ်မခံသင့်ပါဘူး။ ရေကန်ကို ဖြတ်တိုက်လာမယ့် ဆောင်းလေ အေးအေးသန့်သန့်ကို ရှူရှိုက်ရင်း မီးရောင်စုံနဲ့ တောက်ပနေမယ့် မြို့ပြအလှကို ခံစားကြည့်ပါဦး။ မြက်ခင်းစိမ်းစိမ်းပေါ်  မိသားစုလိုက် အနားယူအပန်းဖြေချင်လို့လည်းရသလို ကမ္ဘာအေးဘုရားလမ်းဘက်အခြမ်းမှာလည်း ပြည်လမ်းမဘက်နဲ့ မတူတဲ့ ကန်ရေပြင်မြင်ကွင်းကို မြင်ရမှာပါ။

ကန်တော်ကြီး ဥယျာဉ်

ခရီးလည်း မထွက်ချင်ဘူး၊ အေးအေးချမ်းချမ်းနဲ့ စိမ်းစိမ်းစိုစိုဥယျာဉ်၊ ကန်ရေပြင်ကျယ်နဲ့ မီးရောင်စုံလှလှလေးတွေလည်း ခံစားမယ်၊ ညစာကောင်းကောင်းလည်း သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါး စားချင်တယ်ဆိုရင်တော့ ကန်တော်ကြီးဥယျာဉ်က ရွေးချယ်ချင်စရာပါ။ အစားအသောက်အတွက် ဆိုင်များစွာရှိပြီး တိုင်းရင်းသားအစားအစာ၊ ဟော့ပေါ့၊ ကော်ဖီနဲ့ ဆူရှီဆိုင်တွေကအစ စိတ်ကြိုက်ရွေးနိုင်ပါတယ်။ ဥယျာဉ်ကျယ်ကျယ်ထဲ မိသားစုနဲ့ လမ်းလျှောက်အပန်းဖြေနိုင်သလို ကန်ရေပြင်နဲ့အနီးဆုံး ဝရန်တာမှာထိုင်ရင်း ရွှေတိဂုံစေတီတော်ကြီးကိုလည်း လှမ်းဖူးနိုင်ပါတယ်။

မဟာဗန္ဓုလ ပန်းခြံ

မြို့လယ်ကောင်တည့်တည့်မှာရှိတဲ့ မဟာဗန္ဓုလပန်းခြံက ရာသီပွဲတော်တွေကို မလွတ်တမ်း ဆင်နွှဲချင်သူတွေအတွက် နားခိုစရာနေရာကောင်းတစ်ခုပါပဲ။ ခရစ္စမတ်နဲ့ နှစ်သစ်ကူးအတွက် မီးရောင်စုံ ပြင်ဆင်ထားမှုတွေ၊ ပွဲတော်အလိုက် ဖျော်ဖြေရေးတင်ဆက်မှုတွေအပြင် ပန်းခြံဘေးကပ်လျက်က မုန့်စျေးတန်းမှာလည်း အစားအစာမျိုးစုံ စားသုံးနိုင်ပါတယ်။ နောက်ပြီး ဧမာနွေလ ဘုရားကျောင်းလည်းရှိတာမို့ အလှဆင်ထားတဲ့ မီးတွေနဲ့အတူ အမှတ်တရဓာတ်ပုံရိုက်ကူးချင်သူတွေ၊ ဘုရားကျောင်းတက်ချင်သူတွေအတွက်လည်း အဆင်ပြေပါတယ်။

ကမ်းနားညစျေး

‘ညစျေး’ တွေ စီရရီ ပေါ်လာပြီးနောက်ပိုင်း အရည်အသွေးရော လှပမှုတွေပါ အပြိုင်အဆိုင် တင်ဆက်လာကြတာမို့ တစ်စျေးထက်တစ်စျေး ပိုကောင်းလာကြပါပြီ။ ခု ကမ်းနားလမ်းပေါ်က ညစျေးကတော့ အရင်ညစျေးတန်းအဟောင်းကိုပြင်ပြီး ဘားတွေ၊ မာလာရှမ်းကော၊ ဟော့ပေါ့နဲ့ စားသောက်ဆိုင်တွေ၊ သစ်သီးတွေ၊ ရိုးရာမုန့်တွေကို အရင်လိုမဟုတ်ဘဲ ဆိုင်ခန်းအမိုက်စားတွေနဲ့ ရောင်းချနေပါတယ်။ ကွန်တိန်နာကိုဖျက်ပြီး ပြန်ဆောက်ထားတဲ့ ဒီဆိုင်ခန်းတွေကလည်း သပ်ရပ်နေတာပဲမို့ ညစျေးတစ်လျှောက် မုန့်စားရင်း ဓာတ်ပုံတွေလည်း ရိုက်နိုင်ပါတယ်လို့ သတင်းပါးလိုက်ပါတယ်။

ပြည်သူ့ ဥယျာဉ်

နေ့ခင်းဘက်တွေ အပူရှိန်သက်သာအောင် သစ်ပင်တွေ အုပ်အုပ်ဆိုင်းဆိုင်းရှိသလို ညဘက်တွေမှာ မီးရောင်စုံအလှဆင်ထားတဲ့ ပန်းခြံဝင်းတစ်နေရာ ရှိနေပါသေးတယ်။ ခရစ္စမတ်ဘိုးဘိုးကြီး ဆန်တာကလော့စ်နဲ့ လက်ဆောင်ပစ္စည်းတွေ သယ်ဆောင်လာတဲ့ လှည်းကို ဆွဲလာမယ့် သမင်လေးတွေ၊ ခရစ္စမတ်သစ်ပင်လှလှတွေကို မီးရောင်စုံပြင်ဆင်ထားတဲ့ ပြည်သူ့ဥယျာဉ်ထဲက လှပတဲ့ နေရာလေးကိုလည်း မိသားစုနဲ့ သားသမီးတွေနဲ့အတူ လျှောက်လည်သင့်ပါတယ်။ ကပ်လျက် ပြည်သူ့ဥယျာဉ်ဘက်က ကျယ်ပြန့်တဲ့ မြေနေရာမှာ လရောင်လင်းလင်းအောက် မိသားစုကို အချိန်ပေးရတာလည်း တန်ဖိုးကြီးတဲ့ ခရစ္စမတ်လက်ဆောင်ပါပဲ။

ဆူးလေ ဘုရားလမ်း

ရန်ကုန်မြို့လယ်ကောင်ကို ဘက်စ်ကားစီးပြီး အရောက်လာ၊ ရုပ်ရှင်ရုံတွေရဲ့ မျက်နှာချင်းဆိုင်ဘက်အခြမ်းက ဆူးလေစကွဲ စင်တာကြီးရဲ့ ရှေ့တောက်လျှောက်မှာလည်း အလှဆင်မီးတွေနဲ့ လှပနေမှာမို့ ပျော်ပျော်ကြီး ဓာတ်ပုံရိုက်နိုင်ပါတယ်။ ကားတွေ သွားလာမပြတ်တဲ့ ဒီလိုနေရာကို ခုံးကျော်တံတားပေါ်ကနေ အပေါ်စီးမြင်ကွင်းနဲ့ လှမ်းငုံ့ကြည့်ရတာကလည်း ပျော်စရာကောင်းတဲ့ ခံစားချက်တစ်ခုပါပဲ။ လေအေးအေးနဲ့ ဘေးဘီဝဲယာက မိုးထိပျံနေတဲ့ အဆောက်အအုံကြီးတွေရဲ့ ညရှုခင်းတွေကို စီးဝင်ခံစားကြည့်ပါဦး။

ကန်တော်မင်္ဂလာ ပန်းခြံ

ရေကန်ထဲမှာ ခြေနင်းဘဲလှေကလေးကို ကိုယ်တိုင်နင်းရင်း အေးအေးချမ်းချမ်း ညနေတစ်ညနေကိုရယူနိုင်တာ ကန်တော်မင်္ဂလာပန်းခြံပဲ ရှိပါတယ်။ စိမ်းစိမ်းစိုစိုသစ်ပင်ကြီးငယ်တွေ၊ နားခိုစရာ ကျွန်းလေးတစ်ကျွန်းနဲ့ စိတ်ပါရင် ဝင်ကစားလို့ရတဲ့ ဟက်ပီးဝေါ ခေတ်မီကစားကွင်းလည်း ရှိနေတာမို့ စိတ်ဖိစီးမှုတွေကို ကစားနည်းမျိုးစုံကစားရင်း ချေဖျက်ပစ်လိုက်နိုင်ပါတယ်။ အစားအစာအတွက် ရွှေဘဲစားသောက်ဆိုင်လည်းရှိပြီး မိသားစုနဲ့ ပျော်စရာကောင်းတဲ့ ညနေခင်းတစ်ခုကို ညစာကောင်းကောင်း နဲ့ပါ ဖြည့်စွက်ပေးနိုင်ပါတယ်။

တိုင်းမ်စီးတီး

ခုတစ်လော အုတ်အော်သောင်းတင်း လူပြောများနေတဲ့ မှန်တံတားတို့၊ ထိုင်းညစျေးတန်းတို့၊ မီးရောင်စုံအလှဆင်ထားတဲ့ သစ်ပင်အိုကြီးတွေကို လေ့လာရင်း လွတ်လွတ်လပ်လပ် လျှောက်လည်ချင်ရင်တော့ သိပ်မကြာခင်ကမှ ဖွင့်လှစ်ထားတဲ့တိုင်းမ်စီးတီးက အဆင်သင့်လို့ နေပါတယ်။ မိုးမျှော်တိုက်ကြီးတွေရဲ့ ခမ်းနားမှုက ခုသင့်လက်တစ်ကမ်းမှာပဲ ရှိနေတာဆိုတော့ စျေးဝယ်ထွက်ရင်း၊ ညစာ ထွက်စားရင်း စိတ်အပန်းဖြေနိုင်ပါပြီ။ စာအုပ်ဆိုင်၊ ကော်ဖီဆိုင်နဲ့ ထိုင်းညစျေးတန်း တစ်လျှောက် အစားအစာမျိုးစုံလည်းရမှာမို့ ညစာအတွက်ကတော့ စိတ်ပူစရာမလိုတော့ပါဘူး။

From: Myanmar Times