国际法院称有三个悬而未决的案件不能证明种族灭绝

အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က လူမျိုးတုံးသတ်ဖြတ်မှု ဖြစ်သည်ဟု သက်သေမပြနိုင်ခဲ့သည့် အထင်ရှားဆုံး နမူနာဖြစ်ရပ် သုံးခု

 ဆရီဘရင်နီကာ

ICJ သမိုင်း၌ လူမျိုးတုံး သတ်ဖြတ်မှုဟူသော တွေ့ရှိချက် ထွက်ပေါ်ခဲ့သည့် တစ်ခုတည်းသော အမှုမှာ ဘော့စနီးယားနိုင်ငံ ဆရီဘရင်နီကာတွင် ဖြစ်ပွားခဲ့သည့် ၁၉၉၅ ခုနှစ်က အမှုဖြစ်သည်။

၁၉၉၀ ပြည့်လွန်နှစ်များ အစောပိုင်း၌ ယူဂိုဆလားဘီးယား ပြိုကွဲပြီးနောက် ICJ ၌ ၁၉၉၃ ခုနှစ်တွင် ဘော့စနီးယားနှင့် ဟာဇီဂိုဗီနီးယားတို့က ဆားဘီးယားနှင့် မွန်တီနီဂရိုး ပါဝင်သည့် ယူဂိုဆလားဘီးယားကို စွဲဆိုခဲ့ခြင်း ဖြစ်သည်။

ဆာရာဂျေဗိုက ဘဲလ်ဂရိတ်ကို ဘော်လကန် စစ်ပွဲအတွင်း ဘော့စနီးယား မွတ်စလင်များကို လူမျိုးစုလိုက် သုတ်သင်မှု ပြုလုပ်ခဲ့သည်ဟု စွပ်စွဲခဲ့သည်။ စစ်ပွဲသည် ၁၉၉၅ ခုနှစ်အထိ ကြာမြင့်ခဲ့ပြီး လူပေါင်း ၁၀၀,၀၀၀ သေဆုံးခဲ့ရသည်။ လူပေါင်း နှစ်သန်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့သည်။

အစောပိုင်း ကြားနာစစ်ဆေးမှုများ ပြုလုပ်ပြီးနောက် မကြာမီ သည်ဟိတ်မြို့အခြေစိုက် ICJ တရားရုံးက ဆာ့ဘ်တို့၏ တိုက်ခိုက်မှုမှနေ၍ ဘော့စနစ်များကို ကာကွယ်ရန် အရေးပေါ်နည်းလမ်းများ ထုတ်ပြန်ရန် အမိန့်ပေးခဲ့သည်။ ဘင်္ဂါလီမွတ်စလင်များကို ကာကွယ်ရန်အတွက် အလားတူ အမိန့်ထုတ်ပြန်ပေးရန် ယခုအမှု၌ ဂမ်ဘီယာနိုင်ငံက တရားရုံးကို တောင်းဆိုထားသည်။

၂၀၀၇ ခုနှစ်ကျမှသာ ထွက်ပေါ်လာသည့် နောက်ဆုံး ဆုံးဖြတ်ချက်တွင် အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုများနှင့် အခြား ရက်စက်ကြမ်းကြုတ်မှုများ ဖြစ်ပွားခဲ့ကြောင်း ပြောကြားခဲ့သော်လည်း လူမျိုးတုံးသတ်ဖြတ်မှု ပြုလုပ်ရန် ကြံရွယ်ချက်အဖြစ် ယင်းလုပ်ရပ်များကို သတ်မှတ်နိုင်ခဲ့ခြင်း မရှိပေ။ လူမျိုးတုံး သတ်ဖြတ်မှုပြစ်မှုမှာ ကာကွယ်စောင့်ရှောက်ထားသည့် အုပ်စုတစ်စုကို တစ်ခုလုံးဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းကို ဖြစ်စေ အပြတ်ရှင်းရန် ကြံရွယ်ချက်ဖြင့် ပြုလုပ်ခြင်းကို ဆိုလိုသည်။

သို့သော် တရားသူကြီးများက ဘော့စနီးယား အရှေ့ပိုင်းမြို့ဖြစ်သော ဆရီဘရင်နီကာတွင် လူမျိုးတုံးသတ်ဖြတ်မှု ဖြစ်ပွားခဲ့သည်ဟု ဆုံးဖြတ်ခဲ့သည်။

 ခရိုအေးရှားနှင့် ဆားဘီးယား

ဘော်လကန်စစ်ပွဲနှင့် ပတ်သက်၍ပင် ခရိုအေးရှားနှင့် ဆားဘီးယားနိုင်ငံတို့အကြား အမှုက ICJ သို့ ရောက်ရှိလာခဲ့ပုံကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ကိုးကားခဲ့သည်။

ဗူကိုဗာ ကဲ့သို့သော ခရိုအေးရှားမြို့များကို သိမ်းယူရာတွင် ခရိုအက်လူမျိုး ၁၂,၀၀၀ သေဆုံးခဲ့ရာ၌ ဆာ့ဘ်တပ်များသည် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း ခရိုအေးရှားက ၁၉၉၉ ခုနှစ်တွင် ICJ ၌ တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

ခရိုအေးရှား၏ လေးနှစ်ကြာ လွတ်လပ်ရေးစစ်ပွဲအတွင်း လူပေါင်း ၂၀,၀၀၀ သေဆုံးခဲ့သည်။

ဆားဘီးယားကလည်း ခရိုအေးရှား တပ်များ၏ ဝင်ရောက်တိုက်ခိုက်မှုက ဆာ့ဘ်လူမျိုး ၂၀၀,၀၀၀ ကို ထွက်ပြေးစေခဲ့ရသည်ဟု ပြန်လည်စွဲဆိုခဲ့သည်။

၂၀၁၅ ခုနှစ်တွင် ICJ က နှစ်ဖက်စလုံးသည် ပဋိပက္ခအတွင်း အတင်းအကျပ် ရွှေ့ပြောင်းစေရမှု အပါအဝင် ရာဇဝတ်မှုများ ကျူးလွန်ခဲ့ကြောင်း၊ သို့သော် မည်သည့်ဘက်ကိုမျှ လူမျိုးတုံးသတ်ဖြတ်မှုဟု သက်သေမပြနိုင်ကြောင်း ပြောကြားလျက် နှစ်ဖက်စလုံးမှ အမှုကို ပယ်ချခဲ့သည်။

ယင်းကဲ့သို့သော ကျူးလွန်မှုများကြောင့် ထိခိုက်ခံစားခဲ့ရသူများကို စနစ်တကျ ပြန်လည် လက်ခံရေးကိုသာကြည့်လျက် ပူးပေါင်းဆောင်ရွက်ကြရန်ကိုသာ ICJ တရားသူကြီးများက နှစ်နိုင်ငံစလုံးကို တိုက်တွန်းခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က ဘင်္ဂါလီ မွတ်စလင်များ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အစုလိုက်အပြုံလိုက် ထွက်ပြေးသွားရပုံကို ခရိုအေးရှားမှာနေ၍ ဆာ့ဘ်လူမျိုးများ အစုလိုက်အပြုံလိုက် ထွက်ပြေးရပုံနှင့် ခိုင်းနှိုင်းခဲ့သည်။

“ဒီအားအကောင်းဆုံး ဥပဒေကြောင်းအရ အမျိုးအစားခွဲခြားမှုတွေကို အသုံးပြုဖို့ ဆွဲဆောင်မှုတွေကို နိုင်ငံတကာ တရားမျှတမှုက ခုခံငြင်းဆိုခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပစ်မှတ်ထားတဲ့အုပ်စုနဲ့ ပတ်သက်ပြီး  တစ်ခုလုံး ဒါမှမဟုတ် တစ်စိတ်တစ်ပိုင်းကို ရုပ်ပိုင်းဆိုင်ရာအရ ဖျက်ဆီးပစ်ဖို့ ကြံရွယ်ချက်ရှိတယ်လို့ဆိုဖို့ လိုအပ်တဲ့အချက်က တကယ်ရှိမနေလို့ပါပဲ” ဟု ဒေါ်အောင်ဆန်းစုကြည်က တရားသူကြီးများအား ပြောကြားခဲ့သည်။

 ဒီအာကွန်ဂိုနှင့် ရဝမ်ဒါ

ဒီအာကွန်ဂိုနိုင်ငံက ၂၀၀၂ ခုနှစ်တွင် ရဝမ်ဒါနိုင်ငံအား  ICJ ၌ တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။ ယင်းတွင် လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ သဘောတူညီချက်  (Genocide Convention) အပါအဝင် သဘောတူညီချက် များစွာအပေါ်၌ အခြေခံခဲ့သည်။ သို့သော် ICJ က ယင်းအမှုကို လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ သဘောတူညီချက်အောက်၌ ဆုံးဖြတ်ရန် တရားစီရင်ခွင့်ရှိသည်ဟု တွေ့ရှိရခြင်း မရှိကြောင်း ထုတ်ပြန်ခဲ့သည်။

FROM : ELEVEN