计划实施缅甸蒲甘-柬埔寨吴哥窟直航飞行路线

更多精采内容请下载官方APP: 苹果(iPhone)、安卓(Android)安卓国内下载(APK)
ပုဂံ – စီရမ်ရိ (အန်းကော) တိုက်ရိုက်လေကြောင်း ပျံသန်းပြေးဆွဲရန် စီစဉ်
ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဖြစ်သည့် ပုဂံ-စီရမ်ရိ (အန်းကော) ခရီးစဉ်ကို  တိုက်ရိုက်လေကြောင်းပြေးဆွဲရန် ညှိနှိုင်းဆွေးနွေးနေကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

အဆိုပါခရီးစဉ်ပြေးဆွဲရန် အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဌ ဒုသမ္မတ ဦဟင်နရီဗန်ထီးယူ ဦးစီး၍ သက်ဆိုင်ရာဝန်ကြီးဌာနများကြား ညှိနှိုင်းဆွေးနွေးနေပြီး ပုဂံ-စီရမ်ရိ တိုက်ရိုက်ခရီးစဉ်သည် အာဆီယံနိုင်ငံအချို့နှင့် ချိတ်ဆက်ထားသည့် Northern Buddhism Package ခရီးစဉ်အတွက် အစိတ်အပိုင်း ဖြစ်လာနိုင်သောကြောင့် အကောင်အထည်ဖော်ရန်စီစဉ်နေခြင်းဖြစ်သည်။

မြန်မာနှင့်ကမ္ဘောဒီးယား နှစ်နိုင်ငံကြား လေကြောင်း တိုက်ရိုက်ပျံသန်းပြေးဆွဲရာတွင် လေယာဉ်ရပ်နားရန်နေရာနှင့် ပုဂံဒေသ၏ အမွေအနှစ်များအတွက် အစီအမံများနှင့် ညောင်ဦးလေဆိပ်တွင် ဧည့်သည်များလက်ခံရန် ဝန်ဆောင်မှုအစီအမံများကို ဖြည့်ဆည်းမည့် အစီအစဉ်လည်း ပါရှိသည်။ ယခုနှစ်အတွင်း ညောင်ဦးလေဆိပ်ကို နိုင်ငံတကာမှ စင်းလုံးငှား လေယာဉ်ခရီးစဉ်များ ဝင်ရောက်နိုင်သည့် Customs, Immigration and Quarantine (CIQ) လေဆိပ်အဖြစ် သတ်မှတ်နိုင်ရန် အဝင်အထွက်လမ်းများနှင့် သန့်စင်ခန်းများအပြင် လေဆိပ်အတွင်း အခြေခံအဆောက်အအုံများဖြစ်သည့် ပစ္စည်းအမျိုးအမည်များ စစ်ဆေးနိုင်သည့်စက်များ၊ X–ray စက်များကိုလည်း တပ်ဆင်ထားပြီးဖြစ်ကြောင်းထုတ်ပြန်ထားသည်။

နှစ်နိုင်ငံကြား ခရီးစဉ်ဒေသတစ်ခု အကောင်အထည်ဖော်ရန် ၂ဝ၁၇ ခုနှစ် နိုဝင်ဘာ အပြန်အလှန် ခရီးသွားစျေးကွက်မြှင့်တင်ရေးလုပ်ငန်းစဉ်များအတွက် သဘောတူ လက်မှတ်ရေးထိုးခဲ့ပြီး ဆိုက်ရောက်ဗီဇာစနစ်ဖြင့် ဝင်ခွင့်ပြုရန်လည်း စီစဉ်ထားကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန တာဝန်ရှိသူများက ယခင်နှစ်များတွင် ပြောထားသည်။

”လက်ရှိမှာ စီရမ်ရိနဲ့ တိုက်ရိုက်ပြေးဖို့က လေယာဉ်အကြီးတွေတော့ မဖြစ်နိုင်ဘူး။ လူ ၁ဝဝ ကျော်လောက် သယ်နိုင်တဲ့ လေယာဉ်တွေတော့ အဆင်ပြေမယ်လို့ သိရတယ်။ ဟိုဘက်က ဧည့်သည်ပါလာမယ်ဆိုရင်တောင် ဒီမြန်မာပြည်ဖက်ကနေ ဧည့်သည်ပြန်ထည့်ပေးနိုင်ဖို့လည်း လိုတယ်။ တကယ်လို့ ပုဂံ-စီရမ်ရိလိုမျိုး ခရီးစဉ်တွေ ဖော်ဆောင်မယ်ဆိုရင် ဧည့်သည်တွေအတွက်လည်း အဆင်ပြေသွားမယ်”ဟု ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူ နှင့် အလွတ်သဘော အစည်းအဝေးသို့တက်ရောက်ခဲ့သည့် မြန်မာနိုင်ငံ ဧည့်လမ်းညွှန် အသင်းဥက္ကဌ ဦးအောင်ထွန်းလင်းက ဆိုသည်။

လက်ရှိတွင် အန်းကောဝပ်ဘုရားကျောင်းသို့ ပျမ်းမျှအားဖြင့် တစ်နှစ်လျှင် ခရီးသွားဧည့်သည် သုံးသန်းကျော်ဝင်ရောက်ထားပြီး ပုဂံဒေသသို့ တစ်နှစ်လျှင် ပျမ်းမျှ နိုင်ငံခြားသား ဧည့်သည် သုံးသိန်းကျော် ဝင်ရောက်လေ့ရှိကာ ယင်းတို့ထဲတွင် လေကြောင်းဖြင့်ဝင်ရောက်သူ လစဉ် ၁၁,ဝဝဝ ကျော်ဝန်းကျင် ရှိသည်။ ထို့ကြောင့်လည်း နှစ်နိုင်ငံ တိုက်ရိုက်ပျံသန်းပြေးဆွဲးနိုင်ပါက ခရီးသွားများ ပိုမိုဝင်ရောက်နိုင်ကြောင်း ခရီးသွားလုပ်ငန်းရှင်များက ခန့်မှန်းထားသည်။

လက်ရှိတွင် မြန်မာ-ကမ္ဘောဒီးယား နှစ်နိုင်ငံလေကြောင်းပျံသန်းမှုအနေဖြင့် ၂ဝ၁၇ ခုနှစ်တွင် အမ်းမရိတ်လေကြောင်းလိုင်းမှ ရန်ကုန်-ဖနွမ်းပင်ခရီးစဉ်ကို ပျံသန်းပြေးဆွဲခဲ့သော်လည်း စျေးကွက်အခြေအနေအရ ၂ဝ၁၈ ခုနှစ်တွင် ရပ်နားခဲ့ရသည်။ ထိုသို့ရပ်နားခြင်းသည် မြန်မာနိုင်ငံ၏ အဓိကခရီးစဉ်ဒေသဖြစ်သည့် ပုဂံဒေသနှင့် တိုက်ရိုက်ပျံသန်းမှုမရှိသောကြောင့် ခရီးစဉ်များရောင်းချရာတွင် အဆင်မပြေခြင်းဖြစ်နိုင်ကြောင်း ခရီးသွားလုပ်ငန်းရှင်များက မှတ်ချက်ပြုခဲ့သည်။

ရန်ကုန်-စီရမ်ရိ-ဖနွမ်းပင်ခရီးစဉ်ကို မြန်မာ့လေကြောင်းက ၂ဝ၁၁ ခုနှစ်တွင် စတင်ပျံသန်းပြေးဆွဲခဲ့သော်လည်း ၂ဝ၁၄ ခုနှစ်တွင် စျေးကွက်အခြေအနေအရ ရပ်နားခဲ့ရသည်။ လက်ရှိတွင် ကမ္ဘောဒီးယားနှစ်နိုင်ငံအခြေစိုက် JC International Airlines က ဖနွမ်းပင်-မကာအို-မန္တလေးခရီးစဉ်ကို ယခုနှစ်ဇူလိုင်လအတွင်း ပြေးဆွဲခဲ့ပြီး ရန်ကုန်-ဖနွမ်းပင်ခရီးစဉ်ကိုလည်း သြဂုတ် ၁၅ ရက်မှစ၍ တစ်ပတ်လျှင် နှစ်ရက်နှုန်းဖြင့် ပျံသန်းပြေးဆွဲလျက်ရှိသည်။

ညောင်ဦးလေဆိပ်သည် လက်ရှိတွင် အေတီအာလေယာဉ် ၇၂ အမျိုးအစားများနှင့် အမ်းမရိတ် ၁၉ဝ လေယာဉ်နှစ်မျိုးသာ ဆင်းသက်ခွင့်ပြုထားသည်။ ပုဂံကို ယူနက်စကိုစာရင်းဝင်အဖြစ် အသိအမှတ်ပြုခံရပြီးနောက်တွင် ပုဂံဒေသရှိ ညောင်ဦးလေဆိပ်အား တိုက်ရိုက်ဆင်းသက်ခွင့်ပြုရန် ဘန်ကောက်အဲဝေးလေကြောင်းလိုင်းမှ အဆိုပြုခဲ့သော်လည်း လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက ခွင့်ပြုခဲ့ခြင်းမရှိပေ

FROM  : MYANMAR TIMES