Monywa Aung Shin says the government has no dealings with the Chinese government

အစိုးရအနေဖြင့် တရုတ်အစိုးရအပေါ် အောက်ကျို့ပြီး ဆက်ဆံမှုမရှိဟု မုံရွာအောင်ရှင်ပြော

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီဦးဆောင်သော ပြည်သူရွေးကောက် တင်မြှောက်ထားသည့်အစိုးရအနေဖြင့် တရုတ်အစိုးရအပေါ် အောက်ကျို့ဆက်ဆံခြင်းမရှိကြောင်း NLD ပါတီ၏ ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင်ကပြောဆိုသည်။

ISP – Myanmar က ဦးဆောင်ကာ ‘တရုတ်-မြန်မာ ဆက်ဆံရေး အခွင့်အလမ်းသစ်များကို ရှာဖွေခြင်း’ ခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲကို ဝန်ကြီးများရုံးတွင် ဒီဇင်ဘာ ၁၄ ရက်က ပြုလုပ်ခဲ့ရာ မုံရွာအောင်ရှင်က ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

‘ကျွန်တော်တို့ ပါတီရဲ့မူ၊ ကျွန်တော်တို့ အစိုးရရဲ့မူကတော့ တရုတ်အစိုးရအပေါ်မှာ အောက်ကျို့ပြီးတော့ ဆက်ဆံတဲ့ လမ်းစဉ်မရှိပါဘူး။ ကျွန်တော်တို့က နိုင်ငံရေးအရ တန်းတူဆက်ဆံရေးပါပဲ။ စီးပွားရေးအရ အကျိုးတူ ပူးပေါင်းဆောင်ရွက်ရေးပါပဲ’ဟု ၎င်းက ပြောဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီဦးဆောင်သော အစိုးရလက်ထက်တွင် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ၏ ဆက်ဆံရေးသည် ဘက်ပေါင်းစုံတိုးတက်မှုရှိခဲ့ကြောင်း မုံရွာအောင်ရှင်က ပြောဆိုသည်။

‘၂၀၁၀ ပြည့်နှစ် နောက်ပိုင်းမှာတော့ အစိုးရချင်းဆက်ဆံရေးအပြင် ပါတီချင်းဆက်ဆံရေး၊ ပြည်သူလူထုချင်းဆက်ဆံရေးအဆင့်အထိ တဖြည်းဖြည်းမြင့်တက်လာခဲ့ပါတယ်။ အထူးသဖြင့် ၂၀၁၅ ခုနှစ် NLD ပါတီက ပြည်သူ့အစိုးရ တာဝန်ယူပြီးတဲ့ နောက်ပိုင်းမှာ တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံရဲ့ ဘက်ပေါင်းစုံ ဆက်ဆံရေး၊ အလွှာစုံဆက်ဆံရေးနဲ့ ကဏ္ဍစုံ ဆက်ဆံရေးမှာ တော်တော်လေးအောင်အောင် မြင်မြင်နဲ့ကောင်းခဲ့တာကို တွေ့ခဲ့ရပါတယ်။ ထူးထူးခြားခြား တရုတ်နိုင်ငံနဲ့ ကျွန်တော်တို့နိုင်ငံရဲ့ ဆက်ဆံရေးဟာ တော်တော်လေး ကောင်းခဲ့ပါတယ်။ ကျွန်တော်ပြောချင်တာက ဘယ်ကာလနဲ့မှမတူတဲ့ ဆက်ဆံရေးကောင်းနည်းမျိုးကို ကျွန်တော်တို့ ရရှိခဲ့တယ်လို့ ပြောချင်ပါတယ်’ဟု ၎င်းက ပြောဆိုသည်။

တရုတ်-မြန်မာ ဆက်ဆံရေးနှင့်ပတ်သက်၍ နိုင်ငံခြားရေးမူဝါဒမှာ ဘက်မလိုက်ကြားနေကို ဆက်ပြီးကျင့်သုံးနေသကဲ့သို့ မှန်ကန်သည့်ဘက်က လိုက်မည့်၊ ဒီမိုကရေစီဘက်က လိုက်မည့်ကြားနေဝါဒကိုသာ ကျင့်သုံးသွားမည်ဟု ၂၀၁၈ခုနှစ် နေပြည်တော်တွင် မြန်မာနိုင်ငံအတွင်းရှိ သံတမန်များနှင့် တွေ့ဆုံစဉ် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားထားပြီးဖြစ်ကြောင်း မုံရွာအောင်ရှင်က ပြောဆိုသည်။

From: Standard Time