GSP potential for Myanmar’s textile industry

မြန်မာ့အထည်ချုပ်လုပ်ငန်းများ၏ နောက်ဆုံးခံတပ် GSP အလားအလာ
ရန်ကုန်မြို့ စက်မှုဇုန်တစ်ခုရှိ အထည်ချုပ်လုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-ဇေယျာငြိမ်း)

ယခုနှစ်ပိုင်းအတွင်း GSP အထည်ချုပ်ပို့ကုန်ကဏ္ဍသည် မြန်မာနိုင်ငံ၏ ပြည်ပပို့ကုန်များတွင် ထိပ်ဆုံးမှ ရပ်တည်နေသည့် ပို့ကုန်တစ်ခု ဖြစ်သည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုသည်လည်း GSP အထည်ချုပ်လုပ်ငန်းများတွင် အများဆုံးဝင်ရောက် လုပ်ကိုင်လျက်ရှိသည့် ကဏ္ဍတစ်ခုဖြစ်သည်။

လက်ခစားစနစ်ဖြင့် လုပ်ကိုင်နေသည့် မြန်မာ့အထည်ချုပ်ပို့ကုန်များကို အာရှဒေသဖြစ်သည့် ကိုရီးယား၊ ဂျပန်တို့အပြင် အီးယူမှအော်ဒါ မှာယူမှုမြင့်တက်ခဲ့သည်။

အီးယူက မြန်မာနိုင်ငံအပေါ် GSP/EBA ခံစားခွင့်ကို ၂၀၁၃ ခုနှစ် ဇွန်လက ပြန်လည်ပေးအပ်ခဲ့သည်။ ထိုအတွက် အီးယူသို့ အထည်ချုပ် (ချုပ်ပြီးအထည်) တင်ပို့ပါက အထည် အမျိုးအစားအပေါ် မူတည်၍ အခွန် ရှစ်ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအထိ သက်သာမှုရှိခဲ့ကြောင်း သိရသည်။

အဆိုပါ အခွင့်အရေးရရှိခဲ့သည့် ၂၀၁၃ ခုနှစ်ကစတင်ကာ အီးယူသို့ အထည်ချုပ်တင်ပို့မှု မြင့်တက်လာခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် အီးယူသို့ တင်ပို့မှုသည် ပြည်ပသို့ အထည်ချုပ် (ချုပ်ပြီးအထည်) တင်ပို့မှု စုစုပေါင်း၏ ၅၅ ရာခိုင်နှုန်းအထိ ရှိလာပြီဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ အထည်ချုပ် (ချုပ်ပြီးအထည်) တင်ပို့မှုကို လေ့လာကြည့်ပါက ၂၀၁၀ ပြည့်နှစ်၌ အထည်ချုပ်တင်ပို့မှုတွင် ဒေါ်လာ ၃၃၇ သန်းရှိခဲ့ရာမှ ၂၀၁၄ ခုနှစ်တွင် သုံးဆအထိ မြင့်တက်လာခဲ့ပြီး ဒေါ်လာတစ်ဘီလျံနီးပါးခန့်အထိ ရောက်ရှိလာခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

ထို့ပြင် ၂၀၁၅ ခုနှစ်တွင် ချုပ်ပြီး အထည်တင်ပို့မှုသည် ဒေါ်လာ ၁ ဒသမ ၄၆ ဘီလျံအထိရှိလာခဲ့ပြီး မြန်မာနိုင်ငံ၏ စုစုပေါင်းပို့ကုန်တန်ဖိုး၏ ၁၀ ရာခိုင်နှုန်း ရောက်ရှိလာသည်အထိ အထည်ချုပ်လုပ်ငန်းများ တစ်ရှိန်ထိုး တိုးတက်လာခဲ့ကြောင်း၊ ပို့ကုန်စျေးကွက်တွင်လည်း အီးယူစျေးကွက်သို့ တင်ပို့မှုမှာ ယခင်နှစ်များထက် ၂၀၁၅ ခုနှစ်တွင် ရာခိုင်နှုန်း ၈၀ အထိ မြင့်တက်လာခဲ့သည်။

မြန်မာနိုင်ငံ၏အဓိကပို့ကုန်များဖြစ်သည့် ဆန်၊ ပဲ၊ ပြောင်းစသည်တို့အနက် CMP စနစ်ဖြင့် အထည်ချုပ်တင်ပို့မှုမှာ ပြည်ပတင်ပို့မှု အများဆုံးဖြစ်ပြီး ငါးနှစ်အတွင်း လေးဆကျော် တိုးမြှင့်တင်ပို့ထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

အထည်ချုပ် (ချုပ်ပြီးအထည်) သည် ပို့ကုန်ကဏ္ဍ၌ အတိုးတက်ဆုံးဖြစ်ပြီး လက်ရှိဘဏ္ဍာနှစ် တစ်လခန့်တွင် တင်ပို့မှုတန်ဖိုး ဒေါ်လာ သန်း ၃၂၀ ကျော်ရှိကာ ယခင်နှစ်ကာလတူထက် ဒေါ်လာ သန်း ၄၀ ခန့် ပိုမိုရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောကြားသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ ၂၅ ရက်အထိ ပြည်ပသို့ အထည်ချုပ် (ချုပ်ပြီး အထည်) တင်ပို့မှု ဒေါ်လာ ၃၂၅ သန်းရှိသည်။ ယခင်နှစ်ကာလတွင်မူ ဒေါ်လာ ၂၈၇ သန်းကျော်သာ တင်ပို့ထားနိုင်သည်။

ထို့ကြောင့် လက်ရှိဘဏ္ဍာနှစ် တစ်လခန့်တွင် အထည်ချုပ် (ချုပ်ပြီး အထည်) တင်ပို့မှုသည် ယခင်နှစ်ကာလတူထက် ဒေါ်လာ ၃၈ သန်းခန့် ပိုမိုတင်ပို့ထားခြင်းဖြစ်သည်။

“ အခုလက်ရှိမှာ ဒေါ်လာ ၃၂၅ သန်းပေါ့။ ကာလတူနဲ့ယှဉ်ရင် ဒေါ်လာ ၃၈ သန်းလောက် ပိုတဲ့အနေအထားမှာ ရှိတယ်။ သူကတော့ အတိုးတက်ဆုံးပေါ့” ဟု လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ဆက်လက်ပြောကြားသည်။

အဆိုပါ အခွင့်အရေးရရှိခဲ့သည့် ၂၀၁၃ ခုနှစ်က စတင်ကာ အီးယူသို့ အထည်ချုပ်တင်ပို့မှု မြင့်တက်လာခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် အီးယူသို့ တင်ပို့မှုသည် ပြည်ပသို့ အထည်ချုပ် (ချုပ်ပြီး အထည်) တင်ပို့မှု စုစုပေါင်း၏ ၅၅ ရာခိုင်နှုန်းအထိ ရှိလာပြီဖြစ်ကြောင်း သိရသည်။

၂၀၁၈ ခုနှစ်တွင် အထည်ချုပ် (ချုပ်ပြီးအထည်) အများဆုံးတင်ပို့ထားသည့် ၁၀ နိုင်ငံကို လေ့လာကြည့်ပါက EU အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ဂျာမနီနိုင်ငံသို့ အမေရိကန် ဒေါ်လာ သန်း ၉၃၀၊ UK သို့ အမေရိကန် ဒေါ်လာ ၃၂၃ သန်း၊ စပိန်နိုင်ငံသို့ အမေရိကန် ဒေါ်လာ ၂၉၄ သန်း၊ ပြင်သစ်နိုင်ငံသို့ အမေရိကန် ဒေါ်လာ ၂၆၆ သန်း၊ ဒိန်းမတ်နိုင်သံသို့ အမေရိကန် ဒေါ်လာ ၁၅၈ သန်း၊ အီတလီနိုင်ငံသို့ အမေရိကန် ဒေါ်လာ ၁၅၇ သန်း၊ နယ်သာလန်နိုင်ငံသို့ အမေရိကန် ဒေါ်လာ ၁၄၅ သန်းအထိ တင်ပို့ထားခြင်းဖြစ်သည်။

အများဆုံးတင်ပို့ထားသည့် ၁၀ နိုင်ငံအနက် EU အဖွဲ့ဝင်နိုင်ငံမဟုတ်သည့် ဂျပန်နိုင်ငံသို့ အမေရိကန် ဒေါ်လာ ၈၃၄ သန်း၊ ကိုရီးယားနိုင်ငံသို့ အမေရိကန် ဒေါ်လာ ၃၉၉ သန်း၊ အမေရိကန်နိုင်ငံသို့ အမေရိကန် ဒေါ်လာ ၂၁၁ သန်းအထိ တင်ပို့ထားသည်။

ဘယ်လိုမျှော်မှန်းထားလ

၂၀၁၈ ခုနှစ်က အထည်ချုပ်ကဏ္ဍမှ ပို့ကုန်တန်ဖိုး ဒေါ်လာ ၄ ဒသမ ၆ ဘီလျံနီးပါးရရှိခဲ့ပြီး လာမည့် ၂၀၂၄ ခုနှစ်တွင် မြန်မာနိုင်ငံ အထည်ချုပ်ကဏ္ဍမှ ပို့ကုန်တန်ဖိုး ဒေါ်လာ ၁၀ ဘီလျံရရှိရန် မျှော်မှန်းထားကြောင်း မြန်မာနိုင်ငံအထည်ချုပ် လုပ်ငန်းရှင်များအသင်းမှ သိရသည်။

“ ကျွန်မတို့ကဏ္ဍမှာ အလုပ်သမားတိုးတာက ငါးဆ၊ ဝင်ငွေတိုးတာက ၁၀ ဆပေါ့နော်။ ဒါဆိုရင် ကျွန်မတို့ အလုပ်သမားတွေရဲ့ ထုတ်လုပ်မှုကို နှစ်ဆတိုးအောင် လုပ်ရမယ်။ အဲဒီအတွက် တောက်လျှောက် ဆောင်ရွက်နေပါတယ်” ဟု မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ဝင်ရောက်လုပ်ကိုင်လျက်ရှိသည့် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုလုပ်ငန်းများတွင်လည်း ထုတ်လုပ်မှုကဏ္ဍတွင် အထည်ချုပ်ကဏ္ဍ၌ အများဆုံး ဝင်ရောက်လျက်ရှိကြောင်း သိရသည်။

လက်ခစားစနစ်နဲ့ အထည်ချုပ်လုပ်ငန်း

မြန်မာနိုင်ငံက အထည်ချုပ်လုပ်ငန်းများသည် လက်ခစား CMP (Cut, Make, Part) စနစ်သာဖြစ်ပြီး ကိုယ်တိုင်ထုတ်လုပ်တင်ပို့နိုင်သည့် FOB အဆင့်သို့ မရောက်နိုင်သေးပေ။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်းတွင် အသင်းဝင် ၅၆၀ ကျော်ပြီး အလုပ်သမား ခန့်ထားမှုမှာလည်း ငါးသိန်းကျော်ရှိကြောင်း သိရသည်။ သို့သော် မြန်မာနိုင်ငံအနေဖြင့် လက်ခစားစနစ်ဖြင့် ချုပ်လုပ်ခြင်းဖြစ်သဖြင့် ချုပ်ခအနေဖြင့် ၁၀ ရာခိုင်နှုန်းခန့်သာ ရရှိကြောင်း သိရသည်။

“ မြန်မာနိုင်ငံက ချုပ်ခကို ဝင်ငွေအနေနဲ့ရတာ။ ဒါက ပျမ်းမျှအနေ နဲ့ပြောတာပါ။ တချို့ဆို ရှစ် ရာခိုင်နှုန်းလောက်ပဲ ရတဲ့သူတွေ ရှိတယ်။ တချို့ဆို ၁၂ အထိ ရတဲ့သူတွေရှိတယ်။ High Value Price ဆို နည်းနည်းပိုရတာပေါ့။ အရည်အသွေး ကောင်းပြီး သေချာချုပ်ထားတာကတော့ ၁၂ ရာခိုင်နှုန်းလောက်ရတယ်။ အရမ်းပေါပေါလောလောကြီးနဲ့ သိန်းနဲ့ချီပြီးအပ်ပြီး ချုပ်ခအရမ်းနည်းတဲ့ဟာတွေက ရှစ်ရာခိုင်နှုန်းလောက်ပဲ ရတယ်။ ဒါကြောင့်မို့ ပျမ်းမျှကို ၁၀ ရာခိုင်နှုန်းလို့ ပြောတာဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံအထည်ချုပ် လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က ပြောကြားသည်။

လက်ရှိအချိန်တွင် CMP လက်ခစား လုပ်ငန်းများမှ နှစ်စဉ်ဝင်ငွေ ဒေါ်လာ သန်း ၃၀၀ ခန့်သာဝင်ငွေ ရှိသော်လည်း အဆိုပါလုပ်ငန်းများကို FOB စနစ်ကို ဆောင်ရွက်နိုင်မည်ဆိုပါက ဒေါ်လာ သန်း ၃၀၀၀ (သုံးဘီလျံ) အထိ နိုင်ငံ့ဝင်ငွေရရှိလာမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်းမှ သိရသည်။

ပြည်ပမှ ကုန်ကြမ်းတင်သွင်းပြီး ပြည်တွင်း၌ ကုန်ချောထုတ်ကာ ပြည်ပသို့ပြန်လည်တင်ပို့သည့် CMP လက်ခစားစနစ်ကို မြန်မာနိုင်ငံ၌ ၁၉၉၀ ပြည့်နှစ်က အထည်ချုပ်လုပ်ငန်းနှင့် စတင်ဆောင်ရွက်ခဲ့ပြီး လက်ရှိအချိန်တွင် ဖိနပ်၊ အိတ်ချုပ်လုပ်ငန်း၊ ပလတ်စတစ်ကုန်ပစ္စည်း ထုတ်လုပ်သည့်လုပ်ငန်း၊ ဆံပင်အတုလုပ်ငန်းများအပြင် အခြားသောလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိပြီး စုစုပေါင်း လုပ်ငန်းပေါင်း ၇၀ ကျော်အထိရှိကြောင်း သိရသည်။

လက်ရှိအချိန်တွင် CMP လက်ခစားစနစ်လုပ်ငန်းသည့် နှစ်ပေါင်း ၃၀ ခန့်ရှိလာပြီ ဖြစ်သော်လည်း ကိုယ်တိုင်ထုတ်လုပ်နိုင်သည့် အခြေအနေသို့ တက်လှမ်းနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

သို့သော်လည်း လက်ခစားအထည်ချုပ်လုပ်ငန်းများမှာ GSP အခွန်သက်သာခွင့်အပါအဝင် အော်ဒါမှာယူမှု မြင့်တက်ခဲ့သည့်အတွက် အလားအလာအကောင်းဆုံးနှင့် အရှိန်ရလာသည့် လုပ်ငန်းတစ်ခုဖြစ်ခဲ့သည်။

GSP/EBA ဆိုသည်မှာ

GSP/EBA ဆိုသည်မှာ ကုန်သွယ်မှုဆိုင်ရာ အထူးအထွေထွေ အခွင့်အရေးဖြစ်ပြီး ယင်းအခွင့်အရေး ရရှိထားသည့် နိုင်ငံများအနေဖြင့် ဥရောပသမဂ္ဂနိုင်ငံများ (EU) သို့ ပို့ကုန်များတင်ပို့ပါက အခွန်ကို ကင်းလွတ်ခွင့် (သုညရာခိုင်နှုန်းအခွန်) ကို ခံစားခွင့်ရှိသည်။

ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် အောက်တိုဘာလကုန်ပိုင်းက ဥရောပသမဂ္ဂ Mission အဖွဲ့သည် ကုန်သွယ်မှုဆိုင်ရာ အထူးအထွေထွေအခွင့်အရေး GSP/EBA ကို ဖယ်ရှားရန် သင့်၊ မသင့်ကို ဆုံးဖြတ်သွားရန် မြန်မာနိုင်ငံသို့ သုံးရက်ကြာလေ့လာရေး ခရီးစဉ်လာရောက်ခဲ့ပြီး မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေများကို ကွင်းဆင်းလေ့လာသည့်အပြင် ILO အဖွဲ့အစည်း၊ အလုပ်သမား သမဂ္ဂအဖွဲ့အစည်းများ၊ စက်ရုံအလုပ်ရုံပိုင်ရှင်များ အရပ်ဘက်အဖွဲ့အစည်းများပါမကျန် တွေ့ဆုံဆွေးနွေးခဲ့သည်။

မြန်မာနိုင်ငံတွင်း လေ့လာတွေ့ရှိချက်များကို ကိုယ်စားလှယ်အဖွဲ့က EU ပါလီမန်သို့ တင်ပြသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံအပေါ် ကုန်သွယ်မှုဆိုင်ရာ အခွန်သက်သာခွင့် (GSP/EBA) အခွင့်အရေးနှင့်ပတ်သက်ပြီး EU ပါလီမန်ကသာ ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း ၂၀၁၈ ခုနှစ် အောက်တိုဘာ ၃၀ ရက်က ကုန်သည်စက်မှုအသင်းချုပ်တွင် ပြုလုပ်သည့် (EU EPA Monitoring Mission) အဖွဲ့နှင့် တွေ့ဆုံခဲ့ခြင်းနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲမှ သိရသည်။

အီးယူက ပေးထားသည့် GSP အလားအလာ

အီးယူက မြန်မာနိုင်ငံကို ပေးထားသည့် GSP အခွင့်အရေး ပြန်လည်ရုပ်သိမ်းရန် ပြင်ဆင်နေကြောင်း ကုန်သည်စက်မှုအသင်းချုပ် (UMFCCI)  ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ပြောကြားသည်။

(၃၁)ကြိမ်မြောက် ဒုတိယသမ္မတ (၁) ဦးဆောင်သော ပုဂ္ဂလိကဖွံ့ဖြိုး တိုးတက်ရေးကော်မတီနှင့် ပုဂ္ဂလိက ကဏ္ဍလုပ်ငန်းရှင်များ၏ လစဉ်ပုံမှန် အစည်းအဝေးတွင် (UMFCCI) ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ယင်းကဲ့သို့ တင်ပြခဲ့ခြင်းဖြစ်သည်။

“ လာမည့်နှစ်က ကျွန်တော်တို့ဘက်က စိန်ခေါ်မှုပိုများမယ်။ နိုင်ငံတကာက ဖိအားက များတယ်။ အီးယူဘက်ကလည်း ကျွန်တော်တို့ကို အထူးသဖြင့် ဒေါ်ခိုင်ခိုင်နွယ် (မြန်မာနိုင်ငံအထည်ချုပ်အသင်း အတွင်းရေးမှူး) တို့ကို လာလာပြီးပြောနေတာ သူတို့ဘက်ကလည်း ပြင်ဆင်နေတာတွေရှိတယ်။ ဒီဟာကို ဒီဘက် အီးယူသံအမတ်ရော၊ UK သံအမတ်တို့ကရော ပြောနေတာက ဒီဘက်မှာ ဘယ်လောက် ဖိအားလာမယ်ဆိုတာကို သူတို့မသိဘူး။ သူတို့ကတော့ ဒီနိုင်ငံမှာနေတဲ့အတွက် သူတို့လည်း ဒီရဲ့အနေအထားကို သိပါတယ်တဲ့။ မဖြစ်အောင်လည်း သူတို့ဘက်က ကြိုးစားပေးနေတယ်လို့ပြောတယ်။ ပြန်ပြီးဖြစ်လာမှာကို စိုးရိမ်တယ်လို့ ပြောပါတယ်” ဟု ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ဆိုသည်။

မြန်မာအထည်ချုပ်လုပ်ငန်းတွေ ဘာတွေ ပြင်ဆင်နေလဲ

အီးယူက GSP အခွင့်အရေး ရုပ်သိမ်းရန် ပြင်ဆင်နေခြင်းကြောင့် GSP ခံစားခွင့်ရရှိထားသည့် မြန်မာ့ပို့ကုန်များ စျေးကွက်အသစ်ထိုးဖောက်နိုင်ရေး ကြိုတင်ပြင်ထားရန် အကြံပြုထားကြောင်း ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ပြောကြားသည်။

“ ကျွန်တော်တို့ဘက်က အခုချိန်အထိတော့ သိပ်ပြီးတော့ တချို့ကလည်း မစိုးရိမ်ပါနဲ့။ တော်တော်နဲ့ သုံးလေးနှစ်နဲ့ မဖြစ်နိုင်ဘူးလို့တော့ ပြောတာပေါ့။ ဒီတိုင်းကောင်းသွားမယ်ဆိုတဲ့ အခြေအနေကောင်းတော့ အဲဒါလေးတော့ကျွန်တော်တို့ဘက်က မျှော်လင့်ပြီးတော့ ကြိုးပမ်းနေတယ်။ ကျွန်တော်တို့ လုပ်ငန်းရှင်တွေကတော့ အမြဲတမ်း Alert လုပ်နေပါတယ်။ အခြေအနေတစ်ခု ဖြစ်လာပြီဆိုရင် ကိုယ့်ဘက်က ဘယ်လိုမျိုးလုပ်ကြမလဲ၊ ပြင်ဆင်မလဲဆိုတာတွေ ဒါလေး စျေးကွက်အသစ်တွေလည်း ထိုးဖောက်ပြီးလုပ်ဖို့ အကြံပြုချက်တွေ လုပ်နေပါတယ်”  ဟု ဦးဇော်မင်းဝင်းက ပြောကြားသည်။

ယင်းကဲ့သို့ GSP/EBA အခွင့်အရေး ပြန်လည်ရုပ်သိမ်းသွားခဲ့ပါက အခြားသော စျေးကွက်များဖြစ်သည့် ဂျပန်၊ ကိုရီးယား၊ US နှင့် တရုတ်နိုင်ငံများသို့ အဓိကထားတင်ပို့သွားရမည်ဖြစ်ကြောင်း သိရသည်။

“ အမြင့်ဆုံးပို့တဲ့ ၁၀ နိုင်ငံမှာ သုံးနိုင်ငံရှိ ပါသေးတယ်။ ဂျပန်ရယ်၊ ကိုရီးယားရယ်၊ US ရယ် သုံးနိုင်ငံ ရှိနေသေးတယ်။ အဲဒီ ၁၀ နိုင်ငံမှာ မပါတာ တရုတ်ပေါ့။ တရုတ်ရဲ့ ဝယ်အားက တဖြည်းဖြည်းတက်လာတယ်။ ၁၀ အောက်ရောက်နေသေးလို့ မပါသေးပေမဲ့ သူသည် နည်းနည်းများလာပြီ။ အီးယူစျေးကွက်ရှိရင်တော့ ကျွန်မတို့အတွက် အကောင်းဆုံးပဲ”  ဟု (EU EPA Monitoring Mission) အဖွဲ့နှင့် တွေ့ဆုံခဲ့ခြင်းနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲတွင် မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က ပြောကြားထားသည်။

မြန်မာနိုင်ငံမှအထည်ချုပ်အများဆုံး တင်ပို့နေသည့် ၁၀ နိုင်ငံ စာရင်းတွင် EU အဖွဲ့ဝင် ခုနစ်နိုင်ငံ အထိရှိသည့်အတွက် GSP/EBA  အခွင့်အရေး ရုပ်သိမ်းသွားမည်ဆိုပါက ပြည်တွင်းအထည်ချုပ် လုပ်ငန်းများအတွက် အခက်အခဲဖြစ်လာနိုင်သည်ဟု အထည်ချုပ်လုပ်ငန်းရှင်များက သုံးသပ်နေကြသည်။

FROM : ELEVEN