Bogale Ayeyar Resort opens in the first week of January

更多精采内容请下载官方APP: 苹果(iPhone)、安卓(Android)安卓国内下载(APK)

ဘိုကလေး ဧရာအပန်းဖြေကမ်းခြေ ဇန်နဝါရီ ပထမပတ်တွင် ဖွင့်လှစ်မည်

ဧရာ၀တီတိုင်းဒေသကြီး ဘိုကလေးမြို့နယ် ကဒုံကနိ ကျေးရွာမှ သဘာ၀အတိုင်း ပေါ်ထွန်းလာသည့် ဧရာအပန်းဖြေ ကမ်းခြေကို၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ပထမပတ်တွင် စတင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း မြို့နယ်တာဝန်ရှိသူများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများထံမှ သိရသည်။

“ရှေ့လထဲမှာဖွင့်လှစ်ဖို့ လုပ်နေပါတယ်။ ဒီဒေသမှာ မီးခိုး မထွက်တဲ့ လုပ်ငန်းတွေ ထွန်းကားလာတော့ ကျွန်တော်တို့လို ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေမှာ ပိုမိုတိုးချဲ့ လုပ်ကိုင်လာဖို့ အခွင့် အရေးသာလာသလို ဒီဒေသမှာရှိတဲ့သူအားလုံးလည်း အလုပ် အကိုင်တွေရရှိကာ စီးပွားရေးလုပ်ငန်းတွေ တိုးတက်လာသလို တိုင်းဒေသကြီးအတွက် ခရီးသွားလုပ်ငန်း ပိုမိုတိုးတက်လာလိမ့် မယ်လို့ ထင်ပါတယ်”ဟု ဧရာအပန်းဖြေကမ်းခြေမှ တည်ခိုခန်းလုပ်ငန်းရှင် ဦးမြင့်ကျော်ထွန်းက ပြောဆိုသည်။

အဆိုပါ ဧရာအပန်းဖြေ ကမ်းခြေသည် ဘိုကလေးမြို့ ကဒုံကနိကျေးရွာဘင်္ဂလားပင်လယ်အော် အစပ်တွင်တည်ရှိကာ ပင်လယ်ပြင်၏ အငွေ့အသက်ကို ခံစားနိုင်ပြီး ဘိုကလေးမြို့နှင့် ၂၅ မိုင်ခန့်အကွာတွင် သဘာ၀အတိုင်းပေါ်ထွန်းတည်ရှိလာခြင်း ဖြစ်ကြောင်း သိရသည်။

ဧရာအပန်းဖြေကမ်းခြေကို မီးခိုးမထွက်သည့် ဒေသစီးပွားရေးလုပ်ငန်းတစ်ခု ပေါ်ထွန်းလာစေရန်ရည်ရွယ်ကာဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း ရရှိရေးနှင့် တိုင်းဒေသကြီးနှင့်မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကမ်းခြေခရီးသွားအခြေပြု စီးပွားရေးလုပ်ငန်းအဖြစ် မြို့နယ်တာဝန်ရှိသူများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ ပူးပေါင်းဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။

“ဒေသမှာမီးခိုးမထွက်တဲ့ လုပ်ငန်းတစ်ခုအဖြစ် ဒေသနေပြည်သူတွေအတွက်အလုပ်အကိုင်လည်း ဖန်တီးပေးရာရောက်သလို မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြု လုပ်ငန်းမို့ကမ်းခြေကိုဖွင့်လှစ်မှာ ဖြစ်ပါတယ်။ အခုနှစ်ဆန်းပိုင်းမှာ ဖွင့်လှစ်တော့မှာပါ။တည်ခိုခန်းလုပ်ငန်းတွေလည်း အသင့်ဖြစ်နေပြီ။ လာရောက်အနားယူအပန်းဖြေဖို့ ဖိတ်ခေါ်ပါတယ်}ဟု ဘိုကလေးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်ဦးက ပြောဆိုသည်။

အဆိုပါဧရာအပန်းဖြေ ကမ်းခြေသည် ရေတိမ်သောင်ပြန့် ပေ ၁၀၀၀ကျော်ခန့်သာရှိသဖြင့် အပန်းဖြေ ရေကစားသူများအတွက် အန္တရာယ်မရှိဘဲဘေးကင်းလုံခြုံမှုရှိပြီး ဘန်ဂလိုတည်းခိုခန်း စုစုပေါင်းအလုံး ၄၀ ခန့်ဖြင့် ဧည့်သည်များ နေ့ညတည်းခိုနိုင်ပြီး ဧည့်သည်ဝင်ရာက်မှုအပေါ် မူတည်ကာ ပိုမိုဝန်ဆောင်မှုပေးနိုင်ရန် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ကာ တိုးချဲ့လုပ်ဆောင်မည်ဖြစ်ပြီး ယင်းကမ်းခြေတွင် ပင်လယ်စာအမျိုးမျိုးလည်း ရရှိနိုင်ကြောင်း ဘိုကလေးမြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

“ဧည့်သည်တွေအနေနဲ့ ပင်လယ်စာတွေသုံးဆောင်လို့ရမယ်။ လက်ဆောင်ပစ္စည်းတွေလည်းရမယ်။ ကမ်းခြေကဘင်္ဂလားပင်လယ်အော်နဲ့ ဆက်စပ်နေတော့ ပင်လယ်ရဲ့အငွေ့အသက်ကိုလည်းပြည့်ပြည့်၀၀ခံစားနိုင်မယ်။ ဒါဟာ ကျွန်မတို့ဧရာအပန်းဖြေ ကမ်းခြေရဲ့ ထူးခြားချက်တွေပါပဲ။ လာကြည့်ရင် ပကတိအခြေအနေကို တွေ့မြင်ခံစားရမှာမို့ လာပါလို့ဖိတ်ခေါ်ချင်ပါတယ်”ဟု ဘိုကလေးမြို့ဧရာအပန်းဖြေကမ်းခြေတွင် ဈေးရောင်းချသူ မသီရိက ပြောဆိုသည်။

ဧရာအပန်းဖြေ ကမ်းခြေသို့ရန်ကုန်မြို့မှ လာရောက်လည်ပတ်မည်ဆိုပါက လှိုင်သာယာမြို့နယ်ရှိ ဒဂုံဧရာအဝေးပြေးနှင့် လှိုင်သာယာအဝေးပြေးတို့မှ လာရောက်နိုင်ပြီး မော်လမြိုင်ကျွန်း၊ဒေးဒရဲ၊ ကျိုက်လတ်၊ ဖျာပုံ၊ မအူပင်၊ ဟိုင်းကြီးကျွန်း၊ ပြင်စလူ၊ ဝါးခယ်မ၊ ညောင်တုန်း၊ဘိုကလေးစသည့် ဒေသများရှိ သမိုင်းဝင်စေတီပုထိုးများကို ဝင်ရောက်ဖူးမြော်နိုင်မည်ဖြစ်ကြောင်း သိရသည်။

ဘိုကလေးမြို့နယ် ဘင်္ဂလားပင်လယ်အော်နှင့် ဆက်စက်နေသည့် ကဒုံကနိကျေးရွာမှ ဧရာအပန်းဖြေကမ်းခြေသည် စုစုပေါင်းရေပြင် ဧရိယာ အရှည်လေးမိုင်ခန့်ရှိကာ ကမ်းခြေတစ်လျှောက်ဒေသထွက် ပင်လယ်စာစစ်စစ် အမျိုးမျိုးကိုသုံးဆောင်နိုင်ပြီး လက်ဆောင်ပစ္စည်းအမျိုးမျိုးရောင်းချသည့် ဆိုင်ခန်းများလည်း ဖွင့်လှစ်ထားကာ ၂၀၁၈ ခုနှစ်ကနေ့စဉ် ပြည်တွင်း၊ ပြည်ပ ခရီးသွား ဧည့်သည် ၁၅၀၀ ကျော် ဝင်ရောက်ခဲ့ကြောင်းကမ်းခြေတာဝန်ရှိသူများထံမှ သိရသည်။

ဒီပုံတွင် ပါဝင်နိုင်သည့်အရာများ: သမုဒ္ဒရာ၊ ကောင်းကင်၊ သစ်ပင်၊ အပြင်ဘက် နှင့် သဘာဝ
From: Standard Time