Myanmar, Vietnam to agree for a 30-day visa exemption

更多精采内容请下载官方APP: 苹果(iPhone)、安卓(Android)安卓国内下载(APK)

မြန်မာဗီယက်နမ် နှစ်နိုင်ငံ ရက်သုံးဆယ် ဗီဇာကင်းလွတ်ခွင့် သဘောတူဖို့ရှိ

အတိုင်ပင်ခံကို ဗီယက်နမ်ဝန်ကြီးချုပ်က ဂုဏ်ပြုတပ်ဖွဲ့နဲ့ ကြိုဆိုခဲ့ပါတယ်။ဓာတ်ပုံ မူပိုင်ROSLAN RAHMAN
Image captionအတိုင်ပင်ခံကို ဗီယက်နမ်ဝန်ကြီးချုပ်က ဂုဏ်ပြုတပ်ဖွဲ့နဲ့ ကြိုဆိုခဲ့ပါတယ်။

မြန်မာ ဗီယက်နမ် နှစ်နိုင်ငံကြား သာမန်နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသူတွေအနေနဲ့ ဗီဇာမလိုဘဲ ရက်သုံးဆယ် အပြန်အလှန်သွားလာခွင့်ကို နှစ်နိုင်ငံလက်မှတ်ရေးထိုးသွားဖို့ရှိတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဘီဘီစီကိုပြောပါတယ်။

ဗီယက်နမ်ဝန်ကြီးချုပ် မစ္စတာ ငုယင်စွမ်းဖုဟာ ဒီဇင်ဘာ ၁၆ ရက်ကနေ ၁၈ ရက်အထိ သုံးရက်ကြာ လာ ရောက်တဲ့ မြန်မာနိုင်ငံခရီးစဉ်အတွင်း ဒီသဘောတူညီချက်ကို လက်မှတ်ရေးထိုးဖို့ရှိနေတာပါ။

အရင်က နှစ်နိုင်ငံပြည်သူတွေ ဗီဇာမလိုဘဲ သွားလာခွင့် နှစ်ပတ်ကြာ ခွင့်ပြုထားရာကနေ အခု ရက်သုံးဆယ် တစ်လ သတ်မှတ်မှာဖြစ်ပါတယ်။

“နှစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာနများအကြား ပူးပေါင်းဆောင်ရွက်ရေး MoU(နှစ်နိုင်ငံနားလည်မှုစာချွန်လွှာ) ရှိပါတယ်။ နောက်တစ်ခုက comprehensive cooperative partnership (နှစ်နိုင်ငံ ဘက်စုံပူးပေါင်း ဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေး)၂၀၁၉-၂၀၂၄ ငါးနှစ်စာ Action Plan တစ်ခု လက်မှတ်ထိုးဖို့ ရှိပါတယ်။ နောက်ပြီးတော့ ကျွန်တော်တို့ Visa exemption agreement အရ သာမန်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားတဲ့ နှစ်နိုင်ငံပြည်သူတွေ ၁၄ ရက်ရထားတာကနေ ရက်သုံးဆယ်အထိ တိုးဖို့ရှိပါတယ်” လို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံရေးရာဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကိုက ဘီဘီစီကို ပြောပါတယ်။

ခုလို ဗီဇာရက်တွေတိုးပေးတာက မြန်မာ့ခရီးသွားလုပ်ငန်းအတွက်တော့ ကောင်းတဲ့အလားအလာ ဖြစ်တယ်လို့ပြည်တွင်းပြည်ပ ခရီးသည်ပို့ဆောင်ရေး လုပ်ကိုင်နေတဲ့ AM star ခရီးသွားလုပ်ငန်းရဲ့ မန်းနေဂျင်းဒါရိုက်တာ မဖြူဖွေးသန့်က ပြောပါတယ်။

“မြန်မာ့ခရီးသွားလုပ်ငန်းအတွက် ကောင်းတဲ့အလားအလာတစ်ခုပါ။ ဒါပေမဲ့ ညီမတို့လို ခရီးသည် ပို့ဆောင် ရေး လုပ်ငန်းလုပ်တဲ့သူတွေ အတွက်တော့ ရက်တိုလေးတွေ လေးညအိပ်ငါးရက်တို့လို ခရီးတွေ ပို့နေတဲ့ သူတွေအတွက်တော့ အရမ်းကြီးတော့ မထူးခြားဘူးပေါ့။ ဒါပေမဲ့ Long Stay ရက်ရှည်ရှည်နေချင်တဲ့ သူတွေအတွက်ကတော့ အခုလို ဗီဇာကင်းလွတ်ခွင့်ရက်တိုးပေးတာက တကယ်အကျိုးရှိပါတယ်။ တခြား စင်ကာပူတို့လို နိုင်ငံတွေပါ ခုလို ရက်တွေထပ်တိုးပေးစေချင်ပါတယ်” လို့ သူက ဆိုပါတယ်။

ဗီယက်နမ်ဝန်ကြီးချုပ်နဲ့ ဇနီးဟာ မြန်မာနိုင်ငံကို သုံးရက်ကြာ ချစ်ကြည်ရေးခရီးလာရောက်တာဖြစ်ဓာတ်ပုံ မူပိုင်MONEY SHARMA
Image captionဗီယက်နမ်ဝန်ကြီးချုပ်နဲ့ ဇနီးဟာ မြန်မာနိုင်ငံကို သုံးရက်ကြာ ချစ်ကြည်ရေးခရီးလာရောက်တာဖြစ်

ဗီယက်နမ်ဝန်ကြီးချုပ်ဟာ သုံးရက်ကြာခရီးစဉ်အတွင်း နေပြည်တော်သမ္မတအိမ်တော်မှာ သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ လွှတ်တော် ဥက္ကဋ္ဌတို့နဲ့ တွေ့ဆုံဖို့ရှိနေပါတယ်။

အဲဒီနောက် ဒီဇင်ဘာ ၁၇ ရက်ညနေပိုင်းမှာ ရန်ကုန်ကို သွားရောက်မှာဖြစ်ပြီး ရန်ကုန်မှာ ဗီယက်နမ် ဘဏ်တစ်ခုကို တက်ရောက်ဖွင့်လှစ်မှာဖြစ်တယ်လို့ မြန်မာနိုင်ငံ ကုန်သည်များနဲ့ စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်းချုပ် UMFCCI တွဲဖက်အတွင်းရေးမှူး ဦးမျိုးသန့်က ဘီဘီစီကိုပြောပါတယ်။ ဗီယက်နမ်လုပ်ငန်းရှင်တွေနဲ့ မြန်မာစီးပွားရေးလုပ်ငန်းရှင်တွေ ဆွေးနွေးပွဲကို ဒီဇင်ဘာ ၂၀ ရက်မှာ လုပ်ဖို့ ရှိနေပေမယ့် ဒါက ဝန်ကြီးချုပ်ခရီးစဉ်နဲ့ သက်ဆိုင်မှုတော့ မရှိဘူးလို့ သူက ဆက်ပြောပါတယ်။

“ဗီယက်နမ်ကုန်စည်ပြပွဲက ဒီဇင်ဘာ ၁၉ က၂၂ ထိ လုပ်မှာ။ အဲဒီမှာ ဗီယက်နမ်စီးပွားရေးလုပ်ငန်း ရှင်တွေက လာပြီး နှစ်နိုင်ငံစီးပွားရေးလုပ်ငန်းရှင်တွေ ဆွေးနွေးပွဲရှိတာကတော့ သတ်သတ်ပေါ့။ ဒီပွဲမှာတော့ အဓိကက ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုပိုင်းကိုပဲ ဆွေးနွေးဖို့ရှိပါတယ်” လို့ သူက ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဗီယက်နမ်ကို နှစ်နှစ်အတွင်း သုံးကြိမ် သွားရောက်ထားပါတယ်။ဓာတ်ပုံ မူပိုင်BULLIT MARQUEZ
Image captionဒေါ်အောင်ဆန်းစုကြည်ဟာ ဗီယက်နမ်ကို နှစ်နှစ်အတွင်း သုံးကြိမ် သွားရောက်ထားပါတယ်။

မြန်မာမှာ ဗီယက်နမ်ရဲ့ ရင်းနှီးမြှုပ်နှံမှုက တစ်နှစ်ထက်တစ်နှစ် ပိုများလာပြီး ဟိုတယ်လုပ်ငန်း၊ Interior decoration လုပ်ငန်း၊ ဗီယက်နမ် ထုတ်ကုန်အရောင်းဆိုင်တွေ တိုးချဲ့ရင်းနှီးမြှုပ်နှံလာတယ်လို့ ဦးမျိုးသန့်က ပြောပါတယ်။ ဒါ့အပြင် လက်ရှိမှာ ဗီယက်နမ်လုပ်ငန်းရှင်တွေအနေနဲ့ အဆောက်အဦးတွေကို ပြန်လည်ငှားရမ်းပြီး ဟိုတယ်လုပ်ငန်းပြန်ဖွင့်တဲ့ လုပ်ငန်းလို ဝန်ဆောင်မှုပေးရတဲ့ လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံဖို့ ပိုစိတ်ဝင် စားနေတယ်လို့ သူက ဆက်ပြောပါတယ်။

ဗီယက်နမ်လုပ်ငန်းရှင်တွေက မြန်မာမှာ ရာနှုန်းပြည့်ရင်းနှီးမြှုပ်နှံတာမျိုးရှိသလို တချို့ကလည်း အစိုးရ၊ ပုဂ္ဂလိက ပြည်တွင်းလုပ်ငန်းရှင်တွေနဲ့ ဖက်စပ်လုပ်ကိုင်တာမျိုးတွေရှိနေတယ်လို့ ဦးမျိုးသန့်က ဆိုပါတယ်။

ဗီယက်နမ်နိုင်ငံဟာ မြန်မာနိုင်ငံမှာရင်းနှီးမြှုပ်နှံတဲ့ထိပ်တန်း ဆယ်နိုင်ငံထဲမှာ တစ်နိုင်ငံအပါအဝင်ဖြစ်ပြီး ရန်ကုန်မြို့က မလီယာဟိုတယ်နဲ့ မြန်မာပလာဇာလို့လူသိများတဲ့ ဟောင်းအင်းဂရီလာလုပ်ငန်းစုဟာ ဗီယက်နမ်ရင်းနှီးမြှုပ်နှံမှုတစ်ခု ဖြစ်ပါတယ်။

FROM : BBC